သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ် စစ်သားစုဆောင်းရေး စခန်းမှာ အသေခံ ဗုံးခွဲမှုကြောင့် လူ ၆၁ ဦးသေဆုံး


အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်က စစ်သားစုဆောင်းရေး ဗဟိုဌာန အပြင်ဘက်မှာ အသေခံ ဗုံးခွဲတိုက်ခိုက်တာ ခံခဲ့ရတဲ့အတွက် အနည်းဆုံး လူ ၆၁ ဦး သေဆုံးပြီး ၁၂၅ ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ အီရတ် အာဏာပိုင်တွေက ပြောပါတယ်။

ဘဂ္ဂဒက်မှာ စစ်သား စုဆောင်းရေးအတွက် အင်္ဂါနေ့ကို စာရင်းပေးဖို့ နောက်ဆုံးနေ့အဖြစ် သတ်မှတ်ထားတာမို့ တန်းစီနေကြတဲ့ လူအုပ်ကြီးကို ပစ်မှတ်ထားပြီး ဗုံးခွဲ တိုက်ခိုက်ခဲ့တာလို့ ပြည်ထဲရေး ဝန်ကြီးဌာန အရာရှိတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် မွတ်ဆလင်တွေရဲ့ ဥပုသ်လ စတင်ခဲ့ချိန်ကစပြီး ဒါဟာ အသေအပျောက် အများဆုံး အတိုက်အခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီဥပုသ်လအတွင်း တိုက်ခိုက်မှုတွေ တိုးပြီး လုပ်မယ်လို့ သူပုန်တွေက ခြိမ်းခြောက်ထားပါတယ်။

ဆက်ဒမ် ဟူစိန် (Saddam Hussein) လက်ထက်က ကာကွယ်ရေး ဝန်ကြီးဌာန အဆောက်အဦးနေရာ အပြင်ဘက်မှာ အကြမ်းဖက်သမားတွေ အခုနောက်ဆုံး ပစ်မှတ်ထား တိုက်ခိုက်တဲ့နေရာ ဖြစ်ပြီး ဆက်တိုက် တိုက်ခိုက်မှုတွေနဲ့ အီရတ် လုံခြုံရေးတပ်တွေရဲ့ စိတ်ဓာတ်ကို စမ်းသပ်နေပါတယ်။

အမေရိကန်တပ်တွေ ဒီလကုန် အီရတ်က ထွက်ခွာမသွားခင် အီရတ်တပ်တွေဟာ လူအင်အား တောင့်တင်းလာဖို့အတွက် လုပ်ဆောင်နေပါတယ်။

အခုလို ဗုံးခွဲ တိုက်ခိုက်မှုတွေ ရှိနေပေမဲ့ အီရတ်နိုင်ငံက အမေရိကန်တပ်တွေ ဆုတ်ခွာပေးမယ့် ကိစ္စမှာ အပြောင်းအလဲတွေ ရှိမှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြောကြားပါတယ်။

XS
SM
MD
LG