အီရတ်နိုင်ငံအရှေ့ဘက် Diyala ဒေသမှာ ကားဗုံးခွဲတိုက်ခိုက်တာကြောင်း လူ ၁၁၅ ယောက်လောက်ထိ သေဆုံးသွားတယ်လို့ အီရတ်အာဏာပိုင်တွေက ပြောပါတယ်။ IS စစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုကြီးတွေထဲက လူအသေအပျောက်အများဆုံး တခုလည်းဖြစ်ပါတယ်။
ရှီယက်မူဆလင် အများစုနေထိုင်တဲ့ Khan Bani Saad မြို့က ဈေးဆိုင်တွေနဲ့ လူစည်ကားတဲ့ နေရာမှာ သောကြာနေ့က ဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူ ၁၇၀ လောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ အမည်မဖေါ်လိုတဲ့ ရဲအရာရှိတွေက ပြောပါတယ်။ မူစလင်တွေရဲ့ရာမဒမ် ဥပုသ်ကာလ ပြီးဆုံးခြင်း အထိမ်းအမှတ် အနေနဲ့အဲဒီနေရာကို ဈေးဝယ်ထွက်သူတွေလာရောက်နေစဉ်မှာ အခုလို ဗုံးပေါက်ကွဲတာပါ။ ဗုံးပေါက်ကွဲမှုကြောင့် အဆောက်အဦးတော်တေ်ာများများ ပျက်စီးကုန်ပြီး လမ်းပေါ်က အပျက်အစီးတွေကြားထဲမှာ ဒဏ်ရာရ သေဆုံးသူတွေကို တွေ့နိုင်ပါတယ်။
အပျက်အစီးတွေအောက်မှာ ပိနေသူတွေကိုလည်း ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေပါတယ်။ အီရတ်လွှတ်တော်ဥက္ကဋ္ဌ Salim al-Jabouri က ဒီတိုက်ခိုက်မှုဟာ အရုပ်ဆိုးအကျည်းတန်တဲ့ လုပ်ဆောင်မှုဖြစ်တယ်လို့ ဒီကနေ့မှာ ပြောကြားပါတယ်။
ဒေသလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်သမားတွေကို တိုက်ခိုက်သွားမယ်လို့လည်း သူက ပြောပါတယ်။ လူမှုကွန်ယက်တခုမှာတော့ IS စစ်သွေးကြွတွေက ဒီတိုက်ခိုက်မှုကို သူတို့လုပ်ခဲ့တာဖြစ်ပြီး Shi'ite မွတ်ဆလင်တွေကို ပစ်မှတ်ထားတိုက်ခိုက်တာလို့ ဖေါ်ပြထားပါတယ်။