ကုလသမဂ္ဂ ထိပ်တန်း အရာရှိတယောက် ပါဝင်တဲ့ ယာဉ်တန်းကို ပစ်မှတ်ထား တိုက်ခိုက်မှု အပါအဝင် အီရတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အင်္ဂါနေ့က ဗုံးခွဲ တိုက်ခိုက်မှုတွေ အတွင်းမှာ လူ အနည်းဆုံး ၁၄ ယောက် သေဆုံးခဲ့ပါတယ်။
အီရတ်နိုင်ငံဆိုင်ရာ အမေရိကန် ထိပ်တန်း သံအမတ် ဒတ်ချ်နိုင်ငံသား အက်ဒ် မဲလ်ကာ့တ် (Ad Melkert) ကတော့ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါဘူး။ ဒါပေမဲ့ အီရတ် ရဲအရာရှိတယောက် သေဆုံးခဲ့ပြီး တချို့လည်း ဒဏ်ရာတွေ ရသွားခဲ့ပါတယ်။
အီရတ်နိုင်ငံရဲ့ သြဇာအရှိဆုံး ရှီယိုက် ဘာသာရေးခေါင်းဆောင် ဂရမ်း အယာတိုလာ အလီ အယ်လ် စစ်စ်တာနီနဲ့ မစ္စတာ မဲလ်ကာ့တ်တို့ တွေ့ဆုံပြီးနောက် ဘဂ္ဂဒက်တောင်ပိုင်း နာဂျက်မြို့ကနေ ကုလသမဂ္ဂယာဉ်တန်း ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။
ခေါင်းဆောင် ၂ ဦးတို့ဟာ တွေ့ဆုံခဲ့စဉ်အတွင်း အီရတ်နိုင်ငံ အတွင်းက နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းတဲ့ နေရာမှာ တိုးတက်မှု နှေးကွေးနေတဲ့အပေါ် စိုးရိမ်တဲ့အကြောင်း ပြောခဲ့ကြပါတယ်။
အခု တိုက်ခိုက်မှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကလည်း ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချလိုက်ပါတယ်။
အခုလုပ်ရပ်က ပဋိပက္ခတွေ ပြည့်နေတဲ့ အီရတ်နိုင်ငံအတွင်း ကုလသမဂ္ဂ အဖွဲ့တွေရဲ့ လုပ်ငန်းတွေကို နှောင့်ယှက်ရာ ရောက်တယ်လို့ သူက ပြောပါတယ်။
နောက်ထပ် အကြီးအကျယ် ပေါက်ကွဲမှုကတော့ မြောက်ပိုင်းမြို့ တိကရစ်မှာ ဖြစ်ခဲ့တာပါ။ အဆင့်မြင့် လုံခြုံရေးအရာရှိ တယောက်ရဲ့ နေအိမ်အပြင်ဘက်မှာ ပေါက်ကွဲခဲ့တဲ့ ဗုံးခွဲ တိုက်ခိုက်မှု အတွင်းမှာ လူ ၁၁ ယောက် သေဆုံးခဲ့ပါတယ်။
သေဆုံးခဲ့သူတွေထဲမှာ ကလေးငယ်တယောက် ပါဝင်ပြီး အများစုကလည်း အဲဒီအရာရှိရဲ့ မိသားစုဝင်တွေ ဖြစ်ကြတယ်လို့ စုံစမ်း စစ်ဆေးရေးမှူးတွေက ပြောပါတယ်။