သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးအတွက် အီရတ်နိုင်ငံ တာဝန်ယူနိုင်ပြီ


အီရတ်နိုင်ငံနဲ့ ပြည်သူ ပြည်သားတွေရဲ့ လုံခြုံရေးအတွက် အီရတ် လုံခြုံရေးတပ်တွေက တာဝန် အပြည့်အဝ ပြန်ယူဖို့ အဆင်သင့် ဖြစ်နေပြီလို့ အီရတ်ဝန်ကြီးချုပ် နူရီ အယ်လ် မာလီကီ (Nouri Al Maliki) က ပြောလိုက်ပါတယ်။

ရုပ်သံပေါ်ကနေ တိုင်းပြည်ကို ဒီကနေ့ မိန့်ခွန်းပြောခဲ့တာမှာ အီရတ်နိုင်ငံဟာ သီးခြား လွတ်လပ်တဲ့ အချုပ်အခြာ အာဏာပိုင် နိုင်ငံတခု ဖြစ်တယ်လို့ အီရတ်ဝန်ကြီးချုပ်က ပြောပါတယ်။

အီရတ်နိုင်ငံမှာ ၇ နှစ်ကြာ တပ်စွဲထားခဲ့တဲ့ အမေရိကန် တိုက်ခိုက်ရေး တပ်တွေရဲ့ အခန်းကဏ္ဍ အဆုံးသတ်သွားတဲ့ ဒီနေ့မှာ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အထိမ်းအမှတ် မိန့်ခွန်းပြောဖို့ ပြင်ဆင်နေချိန်မှာ အီရတ်ဝန်ကြီးချုပ်က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တက်ဆက်စ် (Texas) ပြည်နယ် ဖို့တ် ဘေးလ် (Fort Bill) စစ်အခြေစိုက် စခန်းဆီကို သမ္မတ ဒီနေ့သွားရောက်ပြီး စစ်ဆင်ရေး ကာလအတွင်း အီရတ်မှာ တာဝန်ထမ်းခဲ့ရတဲ့ စစ်သားတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ သမ္မတဟာ ဝါရှင်တန်ကို ပြန်လာပြီး အိမ်ဖြူတော်ကနေ နိုင်ငံတော်ကို မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

တနိုင်ငံလုံးကို ရုပ်မြင်သံကြားပေါ်ကနေ တိုက်ရိုက်ပြသမယ့် မိန့်ခွန်းထဲမှာ တိုက်ခိုက်ရေးတပ်တွေ ဆောင်ရွက်ခဲ့တဲ့ အခန်းကဏ္ဍ၊ အီရတ်မှာ ကျန်နေခဲ့တဲ့ တပ်တွေရဲ့ အကြံပေးရေးနဲ့ လေ့ကျင့် သင်တန်းပေးရေး ကဏ္ဍတွေကို သမ္မတ အိုဘားမားက ရှင်းလင်း ပြောပြမှာ ဖြစ်ပါတယ်။

အီရတ်မှာ ရောက်နေတဲ့ အမေရိကန် ဒုတိယသမ္မတ ဂျိုး ဘိုင်ဒန် (Joe Bieden) ဟာလည်း အာရုံသစ် စစ်ဆင်ရေးကို စတင်တဲ့ အထိမ်းအမှတ် မနက်ဖြန် ပြုလုပ်မယ့် အီရတ် လုံခြုံရေး တပ်တွေရဲ့ တရားဝင် တာဝန်လွှဲအပ်ရေး အခမ်းအနားကို တက်ရောက်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG