အီရတ်နိုင်ငံတွင်း ၂၀၁၄ ဇန်န၀ါရီလကနေ ပြီးခဲ့တဲ့နှစ် ၂၀၁၅ ခုနှစ် အောက်တိုဘာလ အတွင်း လူပေါင်း ၁ သောင်း ၉ ထောင်နီးပါး သေဆုံးခဲ့ရပြီး လူပေါင်း ၃ သန်းတို့ကတော့ အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ ကုလ သမဂ္ဂက ဒီကနေ့ အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။
အီရတ်နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်း ဒေသအများအပြားကို IS စစ်သွေးကြွတွေ သိမ်းယူခဲ့တာနဲ့ အတူ အကြမ်းဖက်မှုတွေလည်း တိုးပွားလာတာကြောင့် ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းမှာ နိုင်ငံတကာက အာရုံစိုက်လာခဲ့ရပြီး အမေရိကန်က စစ်သွေးကြွတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အဲဒီနှစ် သြဂုတ်လမှာ စတင်ခဲ့ပါတယ်။
အီရတ်နိုင်ငံတွင်းမှာ အရပ်သားတွေ ဘယ်လောက် ဆိုးဆိုးရွားရွား ဒုက္ခရောက်နေကြလဲဆိုတာကို သေဆုံး ထိခိုက်ဒဏ်ရာရမှု စာရင်းဇယားတွေက ထပ်ဟပ်ဖော်ပြ မထားဘူးလို့လည်း ကုလ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad Al Hussein က ပြောပါတယ်။
အကြမ်းဖက်မှုတွေ အတွင်း သေဆုံးခဲ့ရသူတွေ၊ ဒဏ်ရာရခဲ့ကြသူတွေရဲ့ စာရင်းသာဖြစ်ပြီး အခြေခံ စားနပ်ရိက္ခာနဲ့ ဆေးဝါးကုသမှု လစ်ဟင်းမှုကြောင့် သေဆုံး ခဲ့ရသူတွေကို ထည့်သွင်းရေတွက် မထားဘူးလို့လည်း ကုလ မဟာမင်းကြီးက ပြောပါတယ်။
စစ်သွေးကြွတွက လူနည်းစု Yazidi တွေ အများစုပါဝင်တဲ့ လူပေါင်း ၃၅၀၀ လောက် ကို လိင်ကျွန်တွေ အဖြစ် ဖမ်းဆီးထားတယ်လို့လည်း ယူဆရပြီး နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေကို စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ချိုးဖောက်နေတယ်လို့လည်း အစီရင်ခံစာက ဖော်ပြပါတယ်။ အစိုးရလိုလားတဲ့ တပ်ဖွဲ့တွေရဲ့ အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။