သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လေကြောင်းတိုက်ခိုက်မှု စစ်ကူ အီရတ်တောင်းခံ


အီရတ်နိုင်ငံ မြောက်ပိုင်းမြို့တွေကို သိမ်းပိုက်ထားပြီး ဘဂ္ဂဒတ်မြို့တော်ကိုပါ ခြိမ်းခြောက်လာနေတဲ့ ဆူနီအစ္စလာမ္မစ် စစ်သွေးကြွတွေကို တိုက်ခိုက်ရာမှာ အမေရိကန် လေကြောင်းက တိုက်ကူပေးဖို့ အီရတ်က အကူအညီ တောင်းထားတယ်လို့ အမေရိကန် ထိပ်တန်း စစ်ဖက်အရာရှိတဦးက ပြောလိုက်ပါတယ်။

အမေရိကန် ပူးတွဲ စစ်ဦးစီးများအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး Martin Dempsey က အမေရိကန် အထက်လွှတ်တော်ကို ပြောဆိုခဲ့တာပါ။ အီရတ်အစိုးရအနေနဲ့ သူ့လူထုကို အကာအကွယ် မပေးနိုင်တော့တာကြောင့်၊ စစ်ပြန်တဦးအနေနဲ့ သူဟာ အတော်ကြီး စစ်ပျက်လက်ပျက် ဖြစ်ရတယ်လို့ ဗိုလ်ချုပ်ကြီး Dempsey က အထက်လွှတ်တော် ကော်မတီကြားနားပွဲတခုမှာ ပြောပါတယ်။

အီရတ်က ရှီယတ်ခေါင်းဆောင်တွေဟာ ဆူနီတွေ၊ ကာဒ်တွေနဲ့ ညီညွတ်တဲ့အစိုးရတရပ် ဖွဲ့ဖို့ဆိုတဲ့ သဘောတူထားချက်ကို ဘယ်တုန်းကမှ မလိုက်နာခဲ့ဘူးလို့လည်း ကာကွယ်ရေးဝန်ကြီး Chuk Hagel က ပြောပါတယ်။ အီရတ်အကျပ်အတည်းကို ဘယ်လို အကောင်းဆုံး တုံ့ပြန်မလဲ ဆိုတာကိုတော့ သမ္မတ ဘရက်ခ် အိုဘားမားက ဆွေးနွေးညှိနှိုင်းတုန်း ရှိပါတယ်။

ဗုဒ္ဓဟူးနေ့မှာပဲ သမ္မတဟာ အထက်နဲ့ အောက်လွှတ်တော် ခေါင်းဆောင်တွေကို သမ္မတအိမ်ဖြူတော်မှာ ခေါ်ယူ ရှင်းလင်းမှုတွေ လုပ်ခဲ့ပါတယ်။ အီရတ်လုံခြုံရေးတပ်ဖွဲ့တွေ အားကောင်းလာဖို့ အမေရိကန်က ဘယ်လို ကူညီဆောင်ရွက်မလဲ ဆိုတာကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတအိမ်ဖြူတော်က ကြေညာပါတယ်။

လက်ရှိ အနေအထားမှာတော့ နည်းလမ်းတွေ ရွေးချယ်နေရာမှာ အမေရိကန်ကနေ မြေပြင်စစ်တပ်တွေ မလွှတ်ဘူးဆိုတဲ့ အချက်ကိုပဲ သမ္မတက ဖယ်ထုတ်ထားတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရသူ Jay Carney က ပြောပါတယ်။
XS
SM
MD
LG