အီရတ်နိုင်ငံမှာ သူပုန်ထနေတဲ့ ဆူနီစစ်သွေးကြွတွေကို နှိမ်နင်းနိုင်ဖို့ အမေရိကန်သမ္မတ Barack Obama က စစ်ရေးအကြံပေး ၃၀၀ အထိ စေလွှတ်မယ်လို့ ကတိပြုထားတဲ့ထဲက ပထမအဖွဲ့ဟာ အီရတ်မှာဖြစ်နေတဲ့ အခြေအနေကို စတင် သုံးသပ်နေပါပြီ။
အီရတ်နိုင်ငံထဲမှာ ရှိနေပြီးသား စစ်ရေးအကြံပေး ၄၀ ပါဝင်တဲ့ အထူးစစ်ဆင်ရေးအဖွဲ့ ၂ ဖွဲ့ရဲ့ လုပ်ငန်းတွေ အင်္ဂါနေ့မှာ စတင်ခဲ့တယ်လို့ ပန်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရသူ ရေတပ်ဗိုလ်ချုပ်ကြီး John Kirby က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု ကမ္ဘာ့အလယ်ခြမ်းဒေသ စစ်ဌာနချုပ်က နောက်ထပ်ရောက်လာတဲ့ စစ်သည် ၉၀ ကလည်း Baghdad မြို့တော်မှာ ပူးတွဲ ကွပ်ကဲရေးစင်တာ ဖွင့်ဖို့လုပ်နေပြီလို့ ရေတပ်ဗိုလ်ချုပ်ကြီး Kirby က ပြောပါတယ်။ လာမယ့်ရက်ပိုင်းတွေအတွင်း နောက်ထပ် အဖွဲ့ ၄ ဖွဲ့ ရောက်လာဖို့ရှိပြီး စုစုပေါင်း အမေရိကန် စစ်မှုထမ်း ၂၀၀ နီးပါး ဖြစ်သွားမှာဖြစ်ပါတယ်။
အီရတ်နိုင်ငံ အပေါ်ကနေ လေကြောင်းနဲ့ ထောက်လှမ်းမှုတွေကိုလည်း အမေရိကန်က လုပ်နေပါတယ်။ မြန်မြန်ဆန်ဆန် မြို့တွေကို တိုက်ခိုက် သိမ်းပိုက်နေတဲ့ စစ်သွေးကြွတွေကို အီရတ်တပ်တွေ တိုက်ခိုက်နေတာနဲ့အတူ ဖြစ်နေတဲ့ လုံခြုံရေးအခြေအနေတွေကို သေသေချာချာ သိနိုင်ဖို့ အမေရိကန် လေယာဉ်တွေ တနေ့ကို အခေါက် ၃၀ ကနေ ၃၅ ခေါက် ပျံသန်း ထောက်လှမ်းနေတာပါ။ al-Qaida ကနေ ခွဲထွက်လာတဲ့ ဆူနီစစ်သွေးကြွ ISIL အဖွဲ့တွေက မြို့တွေကို တိုက်ခိုက် သိမ်းပိုက်နေတာ ဖြစ်ပါတယ်။