အီရတ်နိုင်ငံမှာ ဆူနီစစ်သွေးကြွတွေသိမ်းပိုက်ထားတဲ့ နိုင်ငံမြောက်ပိုင်းက Tikrit မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်ဆင်ရေးကြီးကို စတင်နေပြီလို့ အီရတ် စစ်တပ်က ပြောပါတယ်။
အဓိက မြေပြင်စစ်ဆင်ရေးကို စနေနေ့မှာ စတင်ခဲ့ပြီး တက္ကသိုလ်ဝင်းတခုကို ပြန်လည်သိမ်းပိုက်ဖို့ ကြိုးစားတဲ့ အီရတ်အထူးတပ်တွေနဲ့ ဆူနီသူပုန်တွေကြား အပြင်းအထန် တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ စစ်တပ်တာဝန်ရှိသူတွေက ပြောပါတယ်။ အီရတ်တပ်က တင့်ကားတွေနဲ့ မြို့တောင်ပိုင်းကနေ ဝင်ရောက်ခဲ့ချိန်မှာ လက်နက်တပ်ထားတဲ့ ရဟတ်ယာဉ်တွေကလည်း လေကြောင်းကနေ သူပုန်တွေကို ပစ်ခတ်ခဲ့ပါတယ်။ အကျအဆုံး ဘယ်လောက်ရှိသလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။
အီရတ်တပ်တွေကို အကြံပေးမယ့် အမေရိကန် စစ်ဖက် အကြံပေးတွေကို ကာကွယ်ဖို့ အီရတ်လေပိုင်နက်မှာ အမေရိကန်တပ်ရဲ့ လက်နက်တပ် မောင်းသူမဲ့ Drone ယာဉ်တွေ ပျံသန်းနေတယ်လို့ အမေရိကန် တာဝန်ရှိသူတွေ ပြောကြားခဲ့ပြီးမကြာခင်မှာပဲ အီရတ်တို့ဖက်က စစ်ဆင်ရေးစတင်ခဲ့တာပါ။
ဓာတ်ပုံတွေနဲ့ ဂြိုဟ်တုပုံတွေကို သုံးသပ်ချက်အရ ISIL အစွန်းရောက်တွေဟာ Tikrit မြို့ကို သိမ်းပိုက်ပြီးနောက်မှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကို လုပ်ခဲ့ပုံရတယ်ဆိုတာ ခိုင်ခိုင်မာမာ ညွှန်ပြနေတယ်လို့ Human Rights Watch လူ့အခွင့်အရေးအဖွဲ့က သောကြာနေ့က
ပြောကြားခဲ့ပါတယ်။ ဂျွန်လ ၁၁ ရက်ကနေ ၁၄ ရက်နေ့အတွင်း အမျိုးသား ၁၆၀ ကနေ ၁၉၀ ကြားကို အစွန်းရောက်တွေ သတ်ပစ်ခဲ့တယ်လို့ အဖွဲ့ကပြောပါတယ်။
အစွန်းရောက် စစ်သွေးကြွတွေရဲ့ အန္တရာယ်ကို ကိုင်တွယ် ဖြေရှင်းကြရေးတိုက်တွန်းဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာ အရှေ့ အလယ်ပိုင်းမှာ ရောက်ရှိနေပါတယ်။ ဆူနီမွတ်ဆလင် အစွန်းရောက်စစ်သွေးကြွ ISIL အဖွဲ့ဟာ အီရတ်နိုင်ငံမြောက်ပိုင်း မြို့တော်တော်များများကို သိမ်းပိုက်ထားသလို Baghdad မြို့တော်ကိုပါ သိမ်းပိုက်မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။