သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စလာမ်မစ်သူပုန်ကို နိုင်ငံတကာအကူညီနဲ့ အီရတ်တိုက်ခိုက်


အီရတ်စစ်ဘေးရှောင် ဒုက္ခသည်စခန်းမြင်ကွင်း။ (သြဂုတ် ၃၀၊ ၂၀၁၄)
အီရတ်စစ်ဘေးရှောင် ဒုက္ခသည်စခန်းမြင်ကွင်း။ (သြဂုတ် ၃၀၊ ၂၀၁၄)

အီရတ်နိုင်ငံမြောက်ပိုင်းမှာ ဂျီဟဒ်ဝါဒီတွေ စီးနင်းခံရလို့ မြို့နေလူတွေ နှစ်လကြာ ပိတ်မိနေပြီးတော့ စားရေရိက္ခာနဲ့ပစ္စည်းတွေလည်း လျော့ပါးလာနေတဲ့ အမာလီမြို့ကို အီရတ်တပ်ဖွဲ့တွေ ဒီကနေ့ပဲ ထိုးဖောက် ဝင်ရောက်နိုင်ပြီလို့ အရာရှိတွေက ပြောပါတယ်။

အမာလီမြို့တဝိုက်မှာ ISIS အစ္စလာမ်မစ်နိုင်ငံတော်သူပုန်တွေကို အမေရိကန်က လေကြောင်းက စစ်ဆင်မှုလုပ်ခဲ့ပြီးတော့ မြို့ထဲမှာ ပိတ်မိနေသူတွေအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပစ္စည်းတွေ ချပေးခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ အမေရိကန်လေတပ်က သြစတြေးလျ၊ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတို့က လေယာဉ်တွေနဲ့အတူ အကူအညီတွေ ချပေးခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး ဂျွန်ကာဘီ (John Kirby) က ဆိုပါတယ်။

အဲဒီ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီတွေ ချပေးဖို့ လုပ်ငန်းကို ပံ့ပိုးတဲ့အနေနဲ့ အနားက ISIS အကြမ်းဖက်သမားတွေကို အမေရိကန်က တခြားသူတွေနဲ့ ပူးတွဲစီစဉ်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း ဗိုလ်ချုပ်ကြီးကာဘီကပဲ ပြောပါတယ်။

သြစတြေးလျကတော့ ဒီ အစ္စလာမ်မစ်နိုင်ငံတော်စစ်သွေးကြွတွေကို ပြန်ပြီးတော့တိုက်ခိုက်နေတဲ့ ကာ့ဒ်-စ် တပ်ဖွဲ့တွေကို နိုင်ငံတကာက လက်နက်ထောက်ပံ့ရေးမှာ သူတို့လည်း ပါပြီလို့ ဆိုပါတယ်။ အီရတ်ကအခြေအနေက လူသားမျိုးနွယ်ကို ထိခိုက်စေတဲ့ ကပ်ဘေးဆိုးကြီးဖြစ်ပါတယ်လို့ သြစတြေးလျဝန်ကြီးချုပ် Tony Abbott က တနင်္ဂနွေနေ့ကပဲ ပြောသွားတာပါ။

ဂျာမနီပြည်တွင်းထောက်လှမ်းရေးအကြီးအကဲကတော့ ISIS တိုက်ခိုက်ရေးသမားတွေရဲ့ ရက်စက်မှု၊ အစွန်းရောက်မှုနဲ့ ပြင်းထန်မှုတို့ကြောင့် လူငယ်မွတ်ဆလင်တွေ သူတို့ကို ကြိုက်ကြတယ်လို့ ပြောပါတယ်။ ဂျာမနီနိုင်ငံကနေပြီးတော့ ဒီ အစ္စလာမ်မစ် တိုက်ခိုက်ရေးသမားတွေဆီကို သွားပြီးတော့ ပူးပေါင်းသူ အယောက် ၄၀၀ မက ရှိတယ်လို့ သူက ဂျာမနီရေဒီယိုဌာနတခုကို ဒီကနေ့ပဲ ပြောသွားခဲ့ပါတယ်။ အဲဒီ ဂျာမနီနိုင်ငံကနေပြီးတော့ ISIS အတွက် အသေခံဗုံးခွဲမှု ၅ ခု အနည်းဆုံး ပြုလုပ်ခဲ့ပြီးပြီလို့ ယူဆရကြောင်း သူက ဆိုပါတယ်။

XS
SM
MD
LG