IS စစ်သွေးကြွတွေရဲ့ အကြမ်းဖက်မှုဒဏ်ခံခဲ့ရတဲ့ အီရတ်နိုင်ငံရဲ့ ဝန်ကြီးချုပ် Haider al Abadi က Ramadi လွတ်မြောက်ပြီ ဖြစ်ကြောင်း ကြုံတောင့်ကြုံခဲ အောင်ပွဲခံကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ လပေါင်းများစွာ ကတိပေးခဲ့ပြီးနောက်ပိုင်း အခုလို နောက်ဆုံး ကြားခဲ့ရတာဖြစ်ပါတယ်။
ဘဂ္ဂဒက်မြို့တော်မှာ အောင်မြင်မှုကိုဆင်နွှဲနေကြပေမဲ့ အီရတ် ထိပ်တန်းနိုင်ငံရေးသမားတွေနဲ့လေ့လာသုံးသပ်သူတွေကတော့ နိုင်ငံရဲ့ Sunni မွတ်ဆလင် လူဦးရေကို ထိန်းချုပ်နိုင်စွမ်းမရှိရင် အစွန်းရောက် အစ္စလာမ်မစ်တွေအပေါ် နှိမ်နင်းမှုဟာ အလှမ်းကွာဝေးဆဲ ရှိမယ်လို့ သတိပေး နေကြပါတယ်။
နိုင်ငံရေးမဟာဗျူဟာမရှိဘဲ စစ်ရေးအရသာ အောင်ပွဲရတာဖြစ်တယ်။ ဒါဟာ အခိုက်အတန့်လောက်ပဲ ဖြစ်လိမ့်မယ်လို့ အီရတ် ဒုတိယ သမ္မတဟောင်း Ayad Allawi က VOA ကို ပြောပါတယ်။
IS စစ်သွေးကြွတွေဟာ Sunni တွေအပေါ် အားကိုးကြပြီး ၂၀၀၅ ခုနှစ်ကစလို့ အီရတ်ကိုအုပ်ချုပ်ခဲ့တဲ့ Shi’ite ခေါင်းဆောင်တဲ့ အစိုးရတွေနဲ့ Sunni တွေ ကြား နက်ရှိုင်းတဲ့ ဘာသာရေးသဘောထား ကွဲပြားမှုအပေါ် အခွင့်အရေးယူခဲ့ကြတာဖြစ်ပါတယ်။
အမေရိကန် အစိုးရအရာရှိတွေကတော့ အခုလို အောင်ပွဲခံ ကြေညာမှုအပေါ် သတိထားကြိုဆိုခဲ့ကြပါတယ်။ IS တွေအပေါ် လုံး၀ အနိုင်ရရှိပြီလို့ ပြော နိုင်ဖို့ရာ စောလွန်းသေးတယ်လို့ Ramadi စစ်ဆင်ရေးနဲ့ နီးစပ်သူ အမည်မဖေါ်လိုတဲ့ အမေရိကန်အစိုးရ အရာရှိ တဦးကVOA ကိုပြောပါတယ်။ Ramadi မြို့ကို အီရတ်အစိုးရက ဆက်လက်ထိန်းချုပ်နိုင်ပြီး ပြန်လည်ထူထောင်ကာ အုပ်ချုပ်နိုင်စွမ်းဟာ ရှေ့ကိုတိုးနိုင်မယ့် အဓိက အချက် ဖြစ်တယ်လို့ အမေရိကန် အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေး အရာရှိတဦးကပြောပါတယ်။
Ramadi မြို့မှာ အဆောက်အဦးတွေ အားလုံးပျက်စီးသွားပြီး အသုံးပြုနိုင်မယ့် အခြေခံယန္တရားအဆောက်အုံလည်း လွန်စွာနည်းပါးကာ မြို့တွင်းမှာ ပိတ်မိ နေတဲ့ ထောင်ပေါင်းများစွာရှိတဲ့ အရပ်သားတွေ အခြေအနေကိုလည်း သဲကွဲစွာမသိရသေးပါဘူး။ Sunni အများစုနေထိုင်ရာ Ramadi မြို့ဟာ Mosul မြို့ အပြီး IS တို့ရဲ့ ဒုတိယအကြီးဆုံး ခြေကုတ်စခန်း ဖြစ်ပါတယ်။