သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧရာဝတီ အဓွန့်ရှည်ရေးသုတေသနအဖွဲ့


ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံဒေသ။ (ဒီဇင်ဘာလ ၇ ရက်၊ ၂၀၀၉)။
ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံဒေသ။ (ဒီဇင်ဘာလ ၇ ရက်၊ ၂၀၀၉)။
မြန်မာ့ရတနာတပါးဖြစ်တဲ့ မြစ်မင်းဧရာဝတီကို ထိန်းသိမ်းကာကွယ်ဖို့ အတွက် အခုအခါမှာ သုတေသနအဖွဲ့တွေ ဖွဲ့စည်းပြီး အမျိုးသားမြစ်တခု အနေနဲ့ သတ်မှတ်လုပ်ဆောင်ဖို့ ပြင်ဆင်နေကြ ပါပြီ။ အခုလို ဧရာဝတီမြစ်ကြောင်းကို ထိန်းသိမ်းဖို့နဲ့ အဓွန့်ရှည်ဖို့အတွက် အလွှာပေါင်းစုံ က ပြည်သူတွေ ပါဝင်ဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့လည်း ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ ခေါင်းဆောင်တဦးက ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ ဒီကနေ့ပြုလုပ်တဲ့ ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေးဆိုင်ရာ သုတေသနအဖွဲ့ (ARBRO) ဖွဲ့စည်းတဲ့ပွဲမှာ ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။

ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေးဆိုင်ရာ သုတေသနအဖွဲ့(ARBRO) ကို ဒီကနေ့မှာ ဖွဲ့စည်းလိုက်ပြီးတော့ ဧရာဝတီမြစ်ကို အမျိုးသားမြစ်တခု အနေနဲ့ ထိန်းသိမ်း ကာကွယ်ရာမှာ လိုအပ်တဲ့သုတေသန အချက်အလက်တွေ ပံ့ပိုးနိုင်အောင် ဆောင်ရွက်မယ်လို့ အဲဒီအဖွဲ့က ဥက္ကဋ္ဌ ဒေါက်တာ ဆွေဆွေအောင်က ပြောပါတယ်။

ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေးဆိုင်ရာ သုတေသနအဖွဲ့ (ARBRO) မှာ ရေအကြောင်း ကျွမ်းကျင်တဲ့ ပညာရှင်တွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေ နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ဖူးတဲ့ အကြီးတန်းအစိုးရ အငြိမ်းစားပညာရှင်ကြီးတွေနဲ့ ပါဝင်ဖွဲ့စည်း လိုက်တာလည်း ဖြစ်ပါတယ်။
အခုလို သုတေသနအဖွဲ့ကြီး တရပ် ဖွဲ့စည်းလိုက်တာနဲ့ပတ်သက်ပြီး ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာဆွေဆွေအောင်က အဖွဲ့ရဲ့ရည်ရွယ်ချက်ကို အခုလိုပြောပါတယ်။

“ကျမတို့ ဒီအဖွဲ့ကြီးဟာ သုတေသန ပညာရှင်များနဲ့ လူငယ်အများစုကနေပြီးတော့ ရာသီဥတု အခြေအနေ အလျင်အမြန် ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်ရပ်တည် နိုင်ဖို့ အင်မတန် ခက်ခဲနေတယ်။ ကျမတို့ မြစ်ဝှမ်းဒေသမှာ မှီတင်းနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေး လူမှုဘဝကို မြှင့်တင်ပေးမယ် ဆိုပြီးတော့ ကျမတို့ရည်ရွယ်ပြီးတော့ ဒါကိုဖွဲစည်းတည်ထောင် ရခြင်းဖြစ်ပါတယ်။”

မိုင်ပေါင်း ၁,၃၅၀ ခန့်ရှည်လျားတဲ့ ဧရာဝတီမြစ်ကြီးဟာ လက်ရှိအချိန်မှာ သဘာ၀ ပတ်ဝန်းကျင် အခြေအနေတွေ အပါအဝင် မြစ်ရိုးတလျှောက်နေထိုင်ကြတဲ့ ဒေသခံအချို့ရဲ့လူမှု စီးပွား ဆောင်ရွက်ချက်တွေကြောင့် မြစ်ရဲ့ အချို့နေရာတွေမှာ ဆိုရင် သောင်းထွန်း ပြီး မြစ်ကြောင်းပျောက်မလို ဖြစ်တဲ့ အန္တရယ်တွေနဲ့ပါ ရင်ဆိုင်နေရတာမျိုးတွေ ရှိတယ်လို့ သဘာဝပတ်ဝန်းကျင် ပညာရှင်တွေက ထောက်ပြ ပြောဆိုကြပါတယ်။ အဲဒီလို အဖြစ်တွေကနေ ဧရာဝတီ မြစ်ကြီး မတိမ်ကော မပျောက်ပျက်အောင်လို့ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ပြီး မြစ်ဝှမ်းတလျှောက် ဖွံ့ဖြိုးအောင်လုပ်ဆောင်ဖို့ ARBRO ကို ဖွဲ့စည်းတည်ထောင်တာ ဖြစ်တယ်လို့ အဖွဲ့ရဲ့ နာယက တဦးဖြစ်တဲ့ ပါမောက္ခ ဒေါက်တာ ခင်နီနီသိန်း က ပြောပါတယ်။

အခုလို ဧရာဝတီမြစ်ကြီးကို ကာကွယ်ဖို့ဆောင်ရွက်နေတဲ့ အပေါ်မှာ ပြည်သူတရပ်လုံးနဲ့ ချိတ်ဆက်လုပ်ဆောင်နိုင်ဖို့ အတွက် လိုအပ်တဲ့ အကူအညီတွေကို ပါဝင်ဆောင်ရွက်မှာ ဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ကိုမင်းကိုနိုင်က ပြောပါတယ်။

“ဒီလှုပ်ရှားမှုဟာ အမျိုးသားရေးလှုပ်ရှားမှု ဖြစ်သွားတာပါ။ အဲဒီတော့ nationwide လို့ခေါ်တဲ့ အမျိုးသားရေးလှုပ်ရှားမှု မဖြစ်ဘူးဆိုရင် ရှုံးတယ်။ အမျိုးသားရေး လှုပ်ရှားမှု ဖြစ်တယ် ဆိုရင် အောင်တယ်။ ဒါပဲဖြစ်တယ်လို့ ကျနော် နားလည်ပါတယ်။ အခုလည်း တဖန် လူထုအသံပေးလုပ်ငန်းတွေ စကြပြန်ပြီဆိုရင်တော့ nationwide ခေါ်တဲ့ တမျိုးသားလုံးက ပါလာနိုင်တဲ့ လှုံ့နိုးပြီးတော့ ပါလာနိုင်တဲ့ လှုပ်ရှားမှုမျိုး ဖြစ်စေချင်တယ်လို့ ကျနော် ပြန် ကြည့်ချင်ပါတယ်။”

တချိန်တည်းမှာပဲ ဧရာဝတီမြစ် ရှင်သန်ရေးအတွက် ဧရာဝတီမြစ်ကော်မရှင် (The Ayeyarwady River Commission –ARC) ဖွဲ့စည်း ဆောင်ရွက်ဖို့ အစိုးရကို တိုက်တွန်းတဲ့ အဆိုတရပ်ကိုလည်း မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)က ဦးမျိုးမြင့်က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ တင်သွင်းခဲ့ပါတယ်။ အစိုးရ အဖွဲ့အနေနဲ့ အခုလို ဧရာဝတီမြစ်ကို ကာကွယ်ဖို့ လုပ်ဆောင်မယ် ဆိုရင်တော့ အစိုးရပိုင်းတခုတည်း လုပ်ဆောင်တာမျိုးထက်၊ ပြည်ပက ပညာရှင်တွေနဲ့ပါ ထိတွေ့ဆက်ဆံသင့်တယ်လို့ သစ်တော သယံဇာတပတ်ဝန်းကျင် ဖွံ့ဖြိုးရေးနဲ့ ထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ဦးအုန်းက ဗွီအိုအေကို ပြောပါတယ်။

“NGO တွေ၊ လုပ်ငန်းရှင်တွေရော၊ ပညာရှင်တွေရော စုံစုံလင်လင်ပါရင် ကောင်းတာပေါ့။ မဟုတ်ဘဲ သူတို့ကြိုက်တဲ့သူတွေပဲ ရွေးပြီးတော့ဖွဲ့ရင်တော့ ဒါ အဓိပ္ပါယ် သိပ်ပြီးတော့မလေးနက်ဘူးပေါ့။ ”
အခုဖွဲ့စည်းလိုက်တဲ့ အဖွဲ့ဟာ အာရှမြစ်ဝှမ်းအဖွဲ့အစည်းများကွန်ရက် (NARBO) ကို ဝင်ရောက်ဖို့ ပြီးခဲ့တဲ့နှစ်ကတည်းက ထောက်ခံချက်ရရှိထားပြီး ဒီနှစ်ထဲမှာလည်း (NARBO) ကို ဝင်ရောက်ဖို့ အတွက် ထပ်မံလျှောက်ထား ခဲ့ပါသေးတယ်။
XS
SM
MD
LG