သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေး ဆန္ဒပြသူတွေ ချီတက်ခရီးစတင်


ကချင်ပြည်နယ်၊ မြစ်ကြီးနားအထက်က မေခ၊ မလိခ မြစ်နှစ်သွယ်ပေါင်းဆုံ စီးဆင်းလာတဲ့ ဧရာဝတီမြစ်ဆုံဒေသ။
ကချင်ပြည်နယ်၊ မြစ်ကြီးနားအထက်က မေခ၊ မလိခ မြစ်နှစ်သွယ်ပေါင်းဆုံ စီးဆင်းလာတဲ့ ဧရာဝတီမြစ်ဆုံဒေသ။
ဧရာဝတီမြစ်ဆုံဆည်စီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေးနဲ့ တရုတ် CPI ကုမ္ပဏီကို ထွက်ခွာသွားဖို့ တောင်းဆိုတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများပါတဲ့ ဆန္ဒပြသူ အင်အား ၁၀၀ ကျော်ဟာ ရန်ကုန်မြို့ကနေ ကချင်ပြည်နယ်မြစ်ဆုံအထိ လမ်းလျှောက်တဲ့လှုပ်ရှားမှုနဲ့ ဆန္ဒဖော်ထုတ်နေကြပါတယ်။ ဒီကနေ့ မတ်လ ၂၃ ရက်နေ့ တနင်္ဂနွေနေ့မနက်ကစပြီး ရွှေတိဂုံဘုရားတောင်ဘက်မုဒ်ကနေ စတင်ထွက်ခွာခဲ့ကြပြီး မြစ်ဆုံအထိ ချီတက်နေကြပါပြီ။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို အပြီးဖျက်သိမ်းဖို့ တောင်းဆိုနေကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေပါတဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ရန်ကုန်မြို့ ရွှေတိဂုံဘုရားတောင်ဘက်မုဒ်က စတင်စုဝေးထွက်ခွာခဲ့ပြီး မြစ်ဆုံအထိ ချီတက်လမ်းလျှောက်ကြရမှာ မတ်လ ၂၃ ရက်နေ့ ညနေပိုင်းမှာ လှည်းကူးမြို့နယ်နားကို ရောက်နေကြပါပြီ။

…… ဧရာဝတီမြစ်ဆုံ စီမံကိန်း (ချက်ခြင်းဖျက်၊ ချက်ခြင်းဖျက်)
ဧရာဝတီ ဖျက်ဆီးသူ ၊ (တို့ရန်သူ၊ တို့ရန်သူ) …..

ဧရာဝတီ မြစ်ဆုံဆည်စီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းရေးလိုလားတဲ့အတွက် မြစ်ဆုံအထိ ချီတက်လမ်းလျှောက်ဆန္ဒပြနေကြတာ ဖြစ်တဲ့အကြောင်း ဦးဆောင်သူ နိုင်ငံရေးအကျဉ်းသားဟောင်း တက်ကြွလှုပ်ရှားသူ ကိုရဲထွဋ်ခေါင်က ပြောပါတယ်။

“CPI ကုမ္ပဏီကို ကျနော်တို့ အမိမြန်မာနိုင်ငံကနေပြီးတော့ အပြီးအပိုင်ထွက်ခွာသွားစေချင်တယ်။ မြစ်ဆုံစီမံကိန်းကြီးကို ထာဝရအပြီးအပိုင် ဖျက်သိမ်းစေချင်တယ်။ နောက်တချက်က ကျနော်တို့အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာနေပြီဖြစ်တဲ့အတွက် ကျနော်တို့က အဲဒီအသိနဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေအနေနဲ့ကတော့ ဧရာဝတီမြစ်ဆုံစီမံကိန်းကြီးဟာ ထာဝရဖျက်သိမ်းသွားမယ်လို့ ယုံကြည်လို့ ကျနော်တို့က လမ်းလျှောက်ပြီး ဆန္ဒပြဖော်ထုတ်ရခြင်း ဖြစ်ပါတယ်။”

မြစ်ဆုံဆည်တည်ဆောက်ရေးစီမံကိန်းကို ၂၀၀၆ ခုနှစ်တုန်းက တရုတ်အစိုးရနဲ့ မြန်မာစစ်အစိုးရတို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြပြီး ၂၀၀၉ ခုနှစ်မှာတော့ မြစ်ဆုံဆည်တည်ဆောက်ရေးအတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေကို တရုတ်အစိုးရပိုင် CPI ကုမ္ပဏီက ဦးဆောင် တည်ဆောက်နေခဲ့တာပါ။

ဧရာဝတီမြစ်ဆုံဆည်စီမံကိန်း ရပ်တန့်ရေးတောင်းဆိုနေကြတဲ့ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေသာမက အနုပညာရှင်တွေ၊ စာရေးဆရာတွေ၊ လူထုလူတန်းစားပေါင်းစုံက ကန့်ကွက်မှုတွေကြောင့် သမ္မတဦးသိန်းစိန်က သူ့ရဲ့သမ္မတသက်တမ်းမှာ ရပ်ဆိုင်းထားမယ်ဆိုပြီး ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလတုန်းက အမိန့်ထုတ်ပြန်ခဲ့တဲ့အတွက် ကန့်ကွက်မှုတချို့ ရပ်ဆိုင်းသွားခဲ့ပါတယ်။ ဒါပေမယ့် အခု မြစ်ဆုံဆည်တည်ဆောက်ရေးစီမံကိန်းတွေ ပြန်စတော့မယ်ဆိုတဲ့သတင်းတွေကြောင့် ဆန့်ကျင်ကန့်ကွက်မှုတွေ တကြော့ပြန်ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။

CPI ကုမ္ပဏီကတော့ ဧရာဝတီမြစ်ဆုံအထက်ပိုင်း ရေအားလျှပ်စစ်ထုတ်လုပ်ရေးကုမ္ပဏီ (ACHC) နဲ့ပူးပေါင်းပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၆ ရက်က ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး မြစ်ဆုံစီမံကိန်း ပြန်စနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင်ရပ်နားရေး ဆန္ဒပြသူတွေကဘက်ကတော့ မြစ်ဆုံဆည်စီမံကိန်း ဖျက်သိမ်းရေးအတွက် သူတို့နဲ့အတူ လမ်းတလျှောက်ပါသွားမယ့်အင်အားတွေကို စုစည်းပြီး မြစ်ဆုံက ဒေသခံတွေနဲ့အတူ ဟောပြောပွဲတွေ ဆက်လုပ်သွားမယ်လို့ ကိုရဲထွဋ်ခေါင်က ဆိုပါတယ်။

“ကျနော်တို့ မြစ်ဆုံရောက်တဲ့အချိန်က အင်အား ၅,၀၀၀ နဲ့ ၇,၀၀၀ ကြားမှာ သတ်မှတ်ထားတဲ့အတွက်ကြောင့် အဲဒီဒေသခံတွေနဲ့ပူးပေါင်းပြီး ဘာလုပ်မလဲဆိုရင် မြစ်ဆုံမှာ သဘာဝပတ်ဝန်းကျင်ကိစ္စတွေ၊ ဂေဟစနစ် ပျက်စီးနေတဲ့ကိစ္စတွေ၊ နောက်- မြစ်ဆုံမှာ တရုတ်လူမျိုးတွေ တရားမဝင် ဝင်ရောက်ပြီးတော့ ရွှေတူးဖော်နေတဲ့ကိစ္စတွေကို ကျနော်တို့က ပြည်သူလူထုကို ထင်သာမြင်သာရှိအောင် အသိပညာပေး ဟောပြောခြင်းတွေလုပ်မယ်၊ ပြီးရင် CPI ကုမ္ပဏီအနေနဲ့ ကျနော်တို့ မြန်မာနိုင်ငံက အပြီးထွက်ခွာသွားဖို့ မြစ်ဆုံဆည် စီမံကိန်းကြီးကို ထာဝရဖျက်သိမ်းနိုင်ဖို့၊ နောက်ပြီးတော့ ပြောင်းရွှေ့ခံရတဲ့ ရွာသူရွာသားတွေကို မူရင်းအရပ်ဒေသမှာ ပြန်လည်နေရာချထားပေးဖို့၊ ပီးခဲ့တဲ့ရက်ပိုင်းက တရားမဝင် ရွှေတူးဖော်လို့ ဖမ်းဆီးခံရတဲ့ တရုတ်နိုင်ငံသား ၄၁ ယောက်ကို ပြင်းထန်စွာအရေးယူပေးဖို့ တောင်းဆိုသွားမှာပါ။”
ရိုးရာဝတ်စုံနဲ့ မနောပွဲဆင်နွဲနေကြသူ ကချင်ပြည်သူများ။
ရိုးရာဝတ်စုံနဲ့ မနောပွဲဆင်နွဲနေကြသူ ကချင်ပြည်သူများ။

မတ်လ ၁၂ ရက်နေ့တုန်းကပဲ မြစ်ဆုံမှာရှိတဲ့ ဒေသခံတွေက မြစ်ဆုံဆည်ကို ဆက်ပြီးမတည်ဆောက်ဖို့ ကန့်ကွက်ခဲ့ကြပါတယ်။ မြစ်ဆုံဆည်ကြောင့် ဒေသခံကျေးရွာတွေ ဖျက်ဆီးခံခဲ့ရသလို နောက်ထပ် ဖယ်ရှားပေးရမယ့်ရွာတွေအတွက်လည်း ဒေသခံတွေက ကန့်ကွက်နေကြတာပါ။ ဒီလထဲမှာပဲ အောင်မြင်သာ ရွှေ့ပြောင်းစခန်းက ခရစ်ယာန်ကက်သလစ်ဘုရားကျောင်းမှာ မဲပုံးတွေထားပြီး ကန့်ကွက်တဲ့လှုပ်ရှားမှုကို လုပ်ခဲ့ကြပါသေးတယ်။

မြစ်ဆုံဆည် စီမံကိန်းရပ်နားထားလိုက်ရတဲ့ကာလအတွင်း တနှစ်ကို ဒေါ်လာသန်းပေါင်း ၅၀၀ နှစ်စဉ်ကုန်ကျနေပြီး စီမံကိန်းရပ်ထားခဲ့ရတဲ့ ၂ နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း (၁,၀၀၀) ကျော် ဆုံးရှုံးနေတဲ့အကြောင်း CPI ကုမ္ပဏီက တရားဝင် ပြောထားပါတယ်။
XS
SM
MD
LG