{{Zawgyi/Unicode}}
ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံဒေသမှာ စက်ယန္တရားကြီးတွေသုံးပြီး ရွှေတူးဖော်နေတာကြောင့် ဒေသခံတွေက သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှာ စိုးရိမ်နေကြသလို သဘာဝ ဘေးအန္တရာယ်ကျရောက်မှာကို စိုးရိမ်နေကြပါတယ်။ ရန်ကုန်ကလာတဲ့ မြစ်ဆုံဒေသရွှေတူးဖော်မှုအခြေအနေသတင်းကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
ဧရာဝတီ မြစ်ဆုံဒေသမှာ အကြီးစား စက်ယန္တရားတွေကို သုံးပြီး ရွှေတူးဖော်တာတွေဟာ စစ်တပ်က အာဏာ သိမ်းပြီးနောက် ၂၀၂၁ မေလလောက်က စတင်ခဲ့တာပါ။
လက်ရှိ ရွှေတူးဖော်နေတဲ့အခြေအနေနဲ့ စိုးရိမ်မှုကိုဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။
“အခုက မေခနဲ့မလိခ မြစ်နှစ်သွယ်ပေ့ါနော၊ မဆုံခင်မှာ မလိခဘက်မှာတူးတာ။ အဲတော့ ဘက်ဖိုးတွေနဲ့ အကုန်လုံး ကမ်းစပ်တွေကို တူးလိုက်တော့ ရာသီဥတု တအားဆိုးပြီးတော့ ရေတွေတအားကြီးလာရင် မြစ်ဆုံနေရာပေါ့။မြစ်ဆုံဆိုင်တန်းတွေ၊ လူတွေရှိတဲ့နေရာတွေက မြုပ်သွားနိုင်တာပေါ့။ အခုက ဖားကန့်မှာ ကျောက်စိမ်းလုပ်သလိုပဲလေ၊ ဘတ်ဖိုးတွေနဲ့ စက်ကြီးတွေနဲ့ အကုန်လုံး ရွှေတူးစားနေတဲ့ ပုံစံကတော့ ရွာသားတွေ မကြိုက်ဘူးပေါ့။ အဲလိုဖြစ်တာ။”
ပေ ၂၀၀ ကျော်လောက်အနက်အထိ မြေတွေကော်ပြီး ရွှေတွေတူးနေကြတဲ့အတွက် သဘာဝပတ်ဝန်းကျင် ပျက်စီးနေတဲ့အပေါ် စိုးရိမ်နေကြတာဖြစ်တယ်လို့ အခြားဒေသခံတဦးကလည်း အခုလို ပြောပါတယ်။
“ကချင်ပြည်နယ် မြစ်ဆုံ တန်ဖဲ အိမ်ခြေပေါင်း ၃၀၀ ကျော်မှာနေထိုင်တဲ့ အဲဒီ မြစ်ဆုံအထက်မှာ အခု ဘက်ဖိုး ၁၀ စီးနဲ့ ရွှေတူးစားနေကြတယ်။ သူရဲ့အနက်ပေကလည်း ပေ ၂၀၀ ကျော်၊ အဲလောက်နက်တဲ့အခါကျတော့ ရေမြေသဘာဝတွေ အတော်လေး ပျက်စီးသွားမယ့်အလားအလာတွေ အများကြီးရှိနေတဲ့အခါကျတော့ ဒေသခံတွေက အားလုံးက ကြောက်ရွံ့နေကြတယ်။”
တကယ်လို့ ရေကြီးချိန်မှာ ရွှေတူးဖော်တဲ့နေရာဘက်ကို ရေတွေဝင်လာမယ်ဆိုရင် မြစ်ဆုံဈေးဆိုင်တန်းနေရာတွေဟာ ရေပတ်လည် ဝိုင်းသွားမယ့် အခြေအနေတာကြောင့်လည်း ဒေသခံတွေက စိုးရိမ်နေပါတယ်။
ဒေသခံတွေအနေနဲ့ စက်ယန္တရားတွေနဲ့ တူးဖော်ဖို့တာကို ကန့်ကွက်တာတွေရှိခဲ့ပေမဲ့ လနဲ့ချီတဲ့တိုင် တူးဖော်နေဆဲဖြစ်ကြောင်း အခုလို ဆက်ပြောပါတယ်။
“အခုက သက်ဆိုင်ရာအစိုးရဆီတင်ပြဖို့လည်း သူတို့က လုပ်ခိုင်းတဲ့အခါကျ နည်းနည်း ခက်နေတယ်။ ဒေသခံတွေက KIO/ KIA ကို တင်ပြပြီးပြီ။ အဲဒါလည်း ဗဟိုက မတူးစားနဲ့လို့တော့ ပြောတယ်။ ဒါပေမဲ့ ဆက်ပြီးမှ တူးစားနေကြတယ်။ အဲဒါ လနဲ့ ချီကြာနေပြီ။ ကျနော်တို့က ဘယ်ကို အားကိုးရမှန်းလည်း မသိဘူး။ ဒေသခံတွေက ဝိုင်းကန့်ကွက်ကြတာ။ အဲဒါကိုလည်း မရပ်ကြသေးဘူး။”
လက်ရှိ မြစ်ဆုံဒေသမှာ ရွှေတူးဖော်နေတာမှာ ကချင်ပြည်နယ်က ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်တဲ့ ဦးယွပ်ဇော်ခေါင် ပါဝင်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ သူဟာ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နဲ့ ခမည်းခမက်တော်စပ်သူဖြစ်ပါတယ်။
မြစ်ဆုံဒေသရွှေတူးဖော်မှုဟာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအတွင်းက စတင်ပြီး လုပ်ပိုင်ခွင့်ကျထားတာဆိုတဲ့ ပြောဆိုတာ ရှိပေမဲ့ အဲဒီကာလဟာ ရွေးကောက်ပွဲအလွန် လွှတ်တော်တွေလည်း မစသေးတာမို့ မဖြစ်နိုင်ကြောင်း ထောက်ပြမှုတွေလည်း ရှိနေပါတယ်။
မြစ်ဆုံဒေသမှာ တရုတ်အစိုးရနဲ့ ပူးပေါင်းပြီး ၂၀၀၇ ခုနှစ်မှာ အကြီးစားရေအားလျှစ်စစ်စီမံကိန်းတည်ဆောက်ဖို့ ဆောင်ရွက်ခဲ့ရာမှာ ဒေသခံပြည်သူတွေ ကန့်ကွက်တာကြောင့် သမ္မတဦးသိန်းစိန်က သူ့အစိုးရလက်ထက်မှာ ယာယီ ရပ်ဆိုင်းကြောင်း ၂၀၁၁ ခုနှစ်စက်တင်ဘာလမှ ကြေညာခဲ့ပါတယ်။
ဒေသခံတွေကတော့ သူတို့ ကျေးရွာတွေ ပြောင်းရွှေ့ရမှာ၊သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှာ၊ သဘာဝ ဘေးအန္တရာယ်ကျရောက်လာရင် ဧရာဝတီမြစ်ရိုးတလျောက် ရေကြီး ရေလွှမ်းမိုးမှာကို စိုးရိမ်ပြီး အပြီးတိုင် ရပ်ဆိုင်းဖို့ တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။
============
{{Unicode}}
===========