ပြည်ပအခြေစိုက် သတင်းမီဒီယာ တခုဖြစ်တဲ့ ဧရာဝတီ မဂ္ဂဇင်းရဲ့ အင်္ဂလိပ်ပိုင်း အင်တာနက် စာမျက်နှာဟာ နည်းပညာနဲ့ တိုက်ခိုက်တာ ခံခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ပ သတင်းမီဒီယာတွေ အကြောင်း၊ နိုင်ငံကျော် အဆိုတော်တယောက် အကြောင်းတွေကို သတင်းမှားအဖြစ်နဲ့ ဧရာဝတီ သတင်းဌာနရဲ့ အင်္ဂလိပ်ပိုင်း အင်တာနက် စာမျက်နှာမှာ တိုက်ခိုက်သူတွေက ဝင်ရောက်ပြီး ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်း အသေးစိတ်ကို ဧရာဝတီ သတင်းဌာနကို ဆက်သွယ်မေးမြန်းပြီး မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။
ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ သတင်းမီဒီယာရဲ့ အင်္ဂလိပ်ပိုင်း စာမျက်နှာကို ပြီးခဲ့တဲ့ စနေနေ့က နည်းပညာပိုင်းဆိုင်ရာ ဝင်ရောက် တိုက်ခိုက်ခံခဲ့ရပါတယ်။ စနေနေ့ ညဉ့်နက်ပိုင်းမှာ တိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့ ဧရာဝတီ သတင်းဌာနရဲ့ အယ်ဒီတာ ကိုကျော်စွာမိုးက အခုလို ပြောပါတယ်။
“စဖြစ်တာကတော့ ပြီးခဲ့တဲ့ စနေညကပေါ့။ ဒီမှာဆိုရင် ညသန်းခေါင်လောက်ပေါ့။ Story ၂ ပုဒ် တက်လာတာပေါ့။ တခုကတော့ NLD နဲ့ ဒီဘက် Exile မီဒီယာ ဧရာဝတီရယ်၊ ဒီဗွီဘီရယ်၊ အဲဒါတွေကို တိုက်ထားတဲ့ ပုံသဏ္ဌာန်မျိုးပေါ့။ ဒေါ်အောင်ဆန်းစုကြည်က ဒီဘက်က ဧရာဝတီတို့၊ ဒီဗွီဘီတို့ကို ပိုက်ဆံမပေးဖို့ ပြောတယ်ပေါ့လေ။ အဲဒါမျိုးဟာတွေ။ အဲဒါတွေကိုလည်း သူတို့က သေသေချာချာ စနစ်တကျကို ရေးထားတာ။ သတင်းပုံစံအတိုင်းကို ရေးထားတယ်ဗျ။
“ကျနော်တို့ Home Page ကို ဖွင့်လိုက်ရင် Home Page မှာ Headline ရှိတယ်၊ Story ခေါင်းစဉ်ပေါ့၊ ပြီးရင် Summary ဆိုတာ ရှိတယ်။ အဲဒါကို Click လုပ်လိုက်တဲ့အခါကြမှ အထဲက Story က ပွင့်သွားတာ။ အဲဒီ Headline တွေ Summary တွေကအစ သူက တကယ်ကို စနစ်တကျ ရေးထားတယ်။ သတင်းပုံစံအတိုင်း ရေးထားတာ။ ပြီးတော့ By Line ပါတယ်။ လူနာမည်ပေါ့၊ ဘယ်သူဘယ်ဝါ ရေးတယ်။ ဖွင့်လိုက်တဲ့အခါမှာလည်း အထဲမှာ တကယ့်ကို သတင်းပုံစံအတိုင်း ရေးထားတယ်။ သေသေချာချာကို ပြင်ဆင်ပြီး လုပ်တဲ့ပုံသဏ္ဌာန် ရှိတယ်။
“နောက်တပုဒ်ကတော့ အဲဒီရဲ့ အောက်တည့်တည့်မှာဖြစ်တာ။ အဆိုတော် မေဆွိ သေဆုံးဆိုတဲ့ ဟာမျိုးပေါ့ ရေးထားတယ်။ အဲဒါကလည်း အဲဒီအတိုင်းပဲ။ မဟုတ်ဘူး၊ အဲဒီသတင်းက လွဲနေတယ်။ သူတို့က စနစ်တကျ လုပ်ပုံရတယ်။ အချိန်ကိုလည်း ဒီကနေ ညသန်းခေါင်ဆိုတော့ ကျနော်တို့ရုံးတွေက ပိတ်ထားတဲ့ အချိန်ပေါ့။ ဆိုတော့ ဘာမှ ချက်ချင်း အမြန်ပြင်ဆင်နိုင်မယ့် အခြေအနေ မဟုတ်ဘူးပေါ့။ မနက်ကျမှ အများစုက သိရတဲ့ဟာမျိုး ဖြစ်နေတယ်။”
ပြည်ပအခြေစိုက် သတင်းဌာနတွေက အင်တာနက် စာမျက်နှာတွေ မကြာခဏ ဆိုသလို နည်းပညာပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေ ခံနေကြရတာပါ။ မြန်မာစစ်အစိုးရကို ဝေဖန်တဲ့ သတင်းနဲ့ ဆောင်းပါးတွေ ဖော်ပြလေ့ရှိတဲ့ ဧရာဝတီ အင်တာနက် စာမျက်နှာ တိုက်ခိုက်ခံရမှုမှာဆိုရင် ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေက တိုက်ခိုက်တာ ဖြစ်မယ်လို့ ယူဆပေမဲ့ ဘယ်သူက တိုက်ခိုက်တယ် ဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးဘူးလို့ ကိုကျော်စွာမိုးက ပြောပါတယ်။
“အခုတခါက ပိုပြီးတော့ အဆင့်မြင့်နေတဲ့ ပုံသဏ္ဌာန်မျိုး ရှိတယ်။ အရင်တုန်းက ကျနော်တို့ ဝက်ဘ်ဆိုက်ဒ်တွေ ၂၀၀၇ တုန်းက အတိုက်ခံရတယ်၊ ၂၀၀၇ နှစ်ပတ်လည်မှာ အတိုက်ခံရတယ်။ အဲဒီမှာဆိုရင် ဝက်ဘ်ဆိုက်ဒ်ကြီး တခုလုံးက ဖွင့်မရအောင် ဖြစ်သွားတာပေါ့။ ဘာမှ သေသေချာချာ ဒီလိုမျိုး Story တပုဒ်နဲ့ တိုက်တာမဟုတ်ဘူး။ အခုဟာကျတော့ ကျနော်တို့ကို အဆင့် ၂ ဆင့်လောက် ဖြတ်သန်းပြီးတော့ကို တိုက်တာ။ စနစ်တကျနဲ့ တိုက်တဲ့ဟာပေါ့။ ပိုပြီးတော့ လိုက်ရတာ ခက်နေတယ်။
“လက်ရှိအချိန်ထိ ကျနော်တို့ မသိရသေးဘူး၊ ဘယ်သူတွေ တိုက်တယ်ဆိုတာ။ သိရဖို့ကလည်း နည်းနည်းတော့ ခက်မယ်လို့ထင်တယ်။ အစိုးရနဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုမှုတွေမှာလည်း ဧရာဝတီက ပိုပြီးတော့၊ ပိုပြီးတော့ဆိုတာ အများကြီး တစိုက်မတ်မတ် လုပ်တာလည်း ရှိတယ်။ တခြားဟာတွေလည်း လုပ်ပါတယ်။ ဆိုတော့ ကျနော်တို့ကို ပိုပြီးတော့ မျက်မုန်းကျိုးပုံရတယ်။ မျက်မုန်းကျိုးတယ်ဆိုတာ အစိုးရဘက်နဲ့ အစိုးရနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေပေါ့။ ဒါပေမဲ့ ဒီကိစ္စက အစိုးရဘက်က လုပ်တယ်ဆိုတာတော့ ကျနော်တို့ အတည်ပြုလို့ မရသေးဘူး။ ဟုတ်ချင်မှလည်း ဟုတ်မယ်၊ မသိဘူးပေါ့။ ဒါပေမဲ့ သဘောက ကျနော်တို့နဲ့ ဆန့်ကျင်ဘက် အဖွဲ့ပဲ ဖြစ်ဖြစ်ပေါ့၊ အဲဒီအဖွဲ့တွေကတော့ ပိုပြီးတော့ မျက်မုန်းကျိုးပုံရတယ်။”
သတင်းလွတ်လပ်ခွင့် မရှိတဲ့ မြန်မာနိုင်ငံတွင်း အဖြစ်အပျက်တွေကို ကြိုးစားဖော်ထုတ် တင်ပြနေကြတဲ့ ပြည်ပအခြေစိုက် အင်တာနက် သတင်းစာမျက်နှာတွေဟာ အင်တာနက် စာမျက်နှာတွေပေါ်မှာ သတင်းအချက်အလက်တွေ စုပြုံပေးပို့ပြီး ဝက်ဘ်ဆိုက်ဒ် အလုပ်မလုပ်တော့တဲ့အထိ DDoS လို့ခေါ်တဲ့ တိုက်ခိုက်မှုမျိုးတွေ အရင်က ကြုံခဲ့ရဖူးပါတယ်။ ဒီလို တိုက်ခိုက်တဲ့အတွက် အင်တာနက် စာမျက်နှာတွေ ဖွင့်မရတာ ရှိတဲ့အတွက် အခုတိုက်ခိုက်မှုတွေမှာတော့ သတင်းဖတ်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် သတင်းမှားတွေ ဝင်ရောက် ရေးသားလာတာ ဖြစ်ပါတယ်။