သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရ ဧရာဝတီ ဝါဒဖြန့်ဆောင်းပါး လိုရာဆွဲရေးဟု ကျွမ်းကျင်သူတွေ သုံးသပ်


အစိုးရ ဧရာဝတီ ဝါဒဖြန့်ဆောင်းပါး လိုရာဆွဲရေးဟု ကျွမ်းကျင်သူတွေ သုံးသပ်
အစိုးရ ဧရာဝတီ ဝါဒဖြန့်ဆောင်းပါး လိုရာဆွဲရေးဟု ကျွမ်းကျင်သူတွေ သုံးသပ်

ဧရာဝတီမြစ်ကြောင်းကနေ ထုတ်လုပ်နေတဲ့ လျှပ်စစ်တွေကို လက်ရှိ ပြည်သူတွေ သုံးစွဲနေကြရတာဖြစ်ပြီး ဒီစီမံကိန်းတွေက ဧရာဝတီ မြစ်ကြောင်းနဲ့ ဒီမြစ်ကို အမှီပြုနေတဲ့ လုပ်ငန်းတွေ ဘာမှ ထိခိုက်စရာ မရှိဘူးဆိုတဲ့ အစိုးရထုတ် သတင်းစာထဲက ဆောင်းပါးဟာ တဖက်သတ် လိုရာကို ဆွဲပြောတဲ့ ရေးသားချက် ဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။ ပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်တွေ အရရော လက်ရှိ မြင်တွေ့နေရတဲ့ အန္တရာယ်တွေကို လျစ်လျုရှုပြီး ရေးသားလိုက်တာ ဖြစ်တယ်လို့ ဝါရင့် သတင်းစာဆရာကြီး လူထုစိန်ဝင်းက ပြောပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့ထုတ် သတင်းစာထဲက ဆောင်းပါးရှင် လျှပ်စစ်ဝန်ထမ်းတဦးရဲ့ ထာဝရ အမွေအနှစ်နဲ့ မွန်မြတ်သည့် စေတနာဆိုတဲ့ ဆောင်းပါးဟာ လက်ရှိ ဧရာဝတီမြစ်ကြောင်းမှာ ပျက်စီး ထိခိုက်နေတဲ့ အခြေအနေ အရပ်ရပ်ကို မလေ့လာဘဲ တဖက်သက် ရေးသားလိုက်တဲ့ ဆောင်းပါးတပုဒ် ဖြစ်တယ်လို့ အတော်များများက ဝေဖန်နေကြပါတယ်။

အထူးသဖြင့် ဧရာဝတီမြစ်နဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပ သတင်းသမားတွေဟာ ချဲ့ကားပြောနေတယ်၊ ဧရာဝတီမြစ်ကြီးပေါ် အမှီပြုထားတဲ့ ရေကာတာတွေကနေ တိုင်းရင်းသား ပြည်သူတွေဆီ လျှပ်စစ်အားတွေ ပေးပို့နေတယ်ဆိုတဲ့ ရေးသားချက်တွေဟာ လွဲချော်နေပြီး မှားယွင်းနေတဲ့ ဆောင်းပါးတပုဒ် ဖြစ်တယ်လို့ ဝါရင့် သတင်းစာဆရာကြီး လူထုစိန်ဝင်းက ဝေဖန်ပါတယ်။

“ဧရာဝတီ တိမ်ကောမယ့် အန္တရာယ် ရှိနေတယ် ဆိုတာဟာ တဦးတယောက်တည်းက ပြောတာမဟုတ်ဘူး။ လူတိုင်း မျက်စိနဲ့လည်း မြင်တွေ့နေကြတယ်။ သဘာ၀ ထိန်းသိမ်းရေး ပညာရှင်တွေရဲ့ လေ့လာချက် စာတမ်းတွေ၊ အခုလောလောဆယ် ထွက်လာတဲ့ တရုတ်၊ ဗမာ ပညာရှင်တွေရဲ့ စာမျက်နှာ ၉၀၀ လောက်ရှိတဲ့ စာတမ်းကြီးကလည်း လေ့လာထားတဲ့ စာတမ်းတွေ ဖြစ်တယ်။

“အခု သတင်းစာထဲက ဆောင်းပါးရှင်ဟာ အဲဒီ တရုတ်စာတမ်းမှာပါတဲ့ အချက်တွေထဲက သူတို့ လိုချင်တာကိုပဲ ဆွဲထုတ်ပြီးတော့ ပြောသွားတယ်။ လျှပ်စစ်မီးတွေ ဘယ်လောက်ရမယ်၊ အလုပ်အကိုင် ဘယ်လောက်ရမယ် ဆိုတာတွေပဲ၊ ကောင်းကျိုးတွေပဲ ဖော်ပြပြီးတော့ ဆိုးပြစ်တွေကျတော့ ဖော်ပြမထားဘူး။ ဆိုးပြစ်တွေက တကယ်ပြောမယ်ဆိုရင် ကောင်းကျိုးလေးက နှမ်းတဆုပ်စာပဲ ရှိတယ်၊ ဆိုးပြစ်တွေက မြင့်မိုရ်တောင်လောက် ရှိတယ်။”

အခုဆိုရင် ဧရာဝတီမြစ်ကြီးမှာ သောင်ထွန်းတာတွေ၊ ကမ်းပါးပြိုတာတွေ ဖြစ်နေသလို ဓာတုဆေးဝါးတွေနဲ့ စီးဆင်းနေတဲ့ မြစ်ကြောင်းကြီး ဖြစ်နေပြီလို့ မန္တလေးက စာရေးဆရာ ကျော်ရင်မြင့်က ဆိုပါတယ်။

“အဆိုးဝါးဆုံးကတော့ အခု မြစ်မှာ သောင်တွေထွန်းတယ်။ သောင်တွေထွန်းတဲ့အတွက် မြစ်ဟာ သူ့စီးရိုးစီးစဉ် လမ်းကြောင်းအတိုင်း မစီးတော့ဘူး။ တပိုင်းမှာ သောင်တွေ ထွန်းသလို တပိုင်းမှာ ကမ်းပါးတွေ အကြီးအကျယ် ပြိုတယ်။ မြစ်ကြောင်းက သူစီးချင်သလို စီးတဲ့အခါမှာ မြစ်ရေဦးတိုက်တာ ခံရတဲ့ ရွာတွေက ကမ်းပါးတွေ ပြိုပြီးတော့ ရွာလုံးကျွတ်တွေ ရွှေ့ရတာ ရှိတယ်။ သောင်တွေထွန်းပြီးတော့ သွားရေးလာရေး ခက်နေတာ ရှိတယ်။ ဒါက မြစ်ကြောင်းအတွင်းမှာ သွားရေးလာရေးနဲ့ ကုန်စည် ကူးသန်းရေးအတွက် အခက်အခဲ။

“နောက်တခုက Chemical တွေ စွန့်ပစ်ချင်သလို စွန့်ပစ်နေတာ စက်ရုံတွေကနေပြီးတော့၊ အဲဒီလို စွန့်ပစ်နေတဲ့အတွက် တချိန်က ရေချိုသောက်ခဲ့ရတဲ့ ရေချိုမြစ်ကြီးဟာလည်း ဓာတုပစ္စည်းတွေ ရောနေပြီးတော့ ရေတွေလည်း မသန့်တော့ဘူး။ ရေကြောင်းတွေလည်း မကောင်းတော့ဘူး။ ဒါ အခု ကျနော်တွေ့နေရတဲ့ မြင်ကွင်းပါဗျ။ ခုနပြောတဲ့ လျှပ်စစ်အားတွေထုတ်မယ် ဆိုတာလည်း ထုတ်လည်း မထုတ်နိုင်သေးပါဘူး။ ထုတ်ပြီးရင်လည်း တရုတ်ပြည်ဘက်ကို ပို့ဖို့ဆိုတာ ဒါလည်း သိနေတာပဲလေ။ အဲတော့ အဲဒီလျှပ်စစ်ကိုလည်း ကျနော်တို့ကတော့ မမျှော်ပါဘူး။ အခုကိုပဲ ကျနော် မီးပျက်တဲ့အောက်မှာ ထိုင်နေတာပါပဲ။”

မြန်မာနိုင်ငံရဲ့ အသက်သွေးကြောလို့ ပြောနိုင်တဲ့ ဧရာဝတီမြစ်ကြောင်းမှာ မြန်မာအစိုးရရဲ့ မြစ်ဆုံ ရေကာတာ စီမံကိန်းတွေကြောင့် ကြုံလာရတဲ့ ဆိုးကျိုးတွေ၊ တခါ ရွှေတူးဖော်ရေး လုပ်ငန်းတွေကြောင့်လည်း သဘာ၀ ဘေးအန္တရာယ်တွေ တွေ့နေရတယ်လို့ ပညာရှင်တွေက ထောက်ပြနေကြတာ ဖြစ်ပါတယ်။

တကယ်တော့ နိုင်ငံကို တာဝန်ယူထားတဲ့ အစိုးရ အနေနဲ့ လတ်တလော အကျိုးအမြတ်ကို မကြည့်ဘဲ နိုင်ငံအတွက် ရှေရှည် အကျိုးဖြစ်ထွန်းမှုကိုသာ စဉ်းစား ဆောင်ရွက်သင့်တယ်လို့ ဆရာ လူထုစိန်ဝင်းက ထောက်ပြပါတယ်။

“ဧရာဝတီဟာ ဗမာနိုင်ငံ၊ ဗမာလူထုရဲ့ အသက်သွေးကြောဖြစ်တယ်။ မြန်မာတို့ရဲ့ ယဉ်ကျေးမှု၊ မြို့ကြီးပြကြီးတွေ အားလုံးဟာ ဧရာဝတီမြစ် ကမ်းနဖူးတွေမှာ ပေါ်ထွန်းလာကြတာ ဖြစ်တယ်။ ဧရာဝတီ ပျောက်ကွယ်သွားရင် ဗမာလူမျိုးတွေ ပျောက်ကွယ်သွားမယ်၊ ဗမာနိုင်ငံ ပျောက်ကွယ်သွားမယ်။ နောက်တခါ မြစ်ဆုံဒေသမှာ တာတမံတွေ ဆောက်တဲ့အခါကြတော့ တိုင်းတပါးသားတွေ အများကြီး ခေါ်လာပြီးတော့ အလုပ်လုပ်ကြတယ်။ ရွှေတူးတဲ့ ကုမ္ပဏီတွေကို ပါမစ်တွေ ချပေးတယ်၊ ကျောက်စိမ်းတူးတဲ့ ကုမ္ပဏီတွေ ချပေးတယ်။

“ဒါမျိုးကလွဲလို့ ဧရာဝတီကို ကာကွယ် စောင့်ရှောက်ရေး ဆိုတာက ပါးစပ်နဲ့ပဲ ပြောနေတယ်၊ လက်တွေ့ ဘာမှလုပ်တာ မတွေ့ရပါဘူး။ လျှပ်စစ်ဓာတ်အား ဘယ်လောက်ရမယ် ဆိုတာပဲ ကြည့်တယ်။ သူတို့က ရေတိုကိုကြည့်တယ်၊ ဘဘတို့ကတော့ ရေရှည်ကိုကြည့်တာ။ တိုင်းပြည်နဲ့ လူမျိုးတော့ အပျောက်မခံနိုင်ဘူး။ ဒါကြောင့် ဆရာတို့ အနေနဲ့က ဒါကို ပြင်းပြင်းထန်ထန် ဆန့်ကျင် တုံ့ပြန် ဝေဖန်တာ ဖြစ်တယ်။”

ဝါရင့် သတင်းစာဆရာ လူထုစိန်ဝင်း ပြောပြသွားတာပါ။

ဧရာဝတီ မြစ်ကြောင်းတလျှောက် အခုတွေ့ကြုံနေရတဲ့ ဘေးအန္တရာယ်တွေကို ကာကွယ်နိုင်ဖို့ ပညာရှင်တွေရဲ့ ထောက်ပြချက်တွေကို ပြည်တွင်းထုတ် Eleven Media Group သတင်းတွေမှာ ဖော်ပြနေသလို တခြား စာစောင်တချို့မှာလည်း ဧရာဝတီနဲ့ ပတ်သက်တဲ့ အကြောင်းတွေ ရေးသားကြပါတယ်။ အခု ဧရာဝတီမြစ်ကြောင်းမှာ ကြုံနေရတဲ့ အန္တရာယ်တွေကို ပူးပေါင်းဖြေရှင်းနိုင်ဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပန်ကြားချက်တစောင် ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG