သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်က မိခင်လောင်းတွေနဲ့ကလေးတွေ ကမ္ဘာ့ဘဏ် ကူမည်


ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းက ကိုယ်ဝန်ဆောင်မိခင်နဲ့ ၂ နှစ်အောက်ကလေးတွေ အာဟာရဖွံ့ဖြိုးဖို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထောက်ပံ့မယ့် အစီအစဉ်ကိုကမ္ဘာ့ဘဏ်နဲ့ လူမှုဝန်ထမ်းဦးစီးဌာနတို့ ဆွေးနွေးအကောင် အထည်ဖော်နေပြီးလာမယ့် ၂၀၁၉ နှစ်ဆန်းပိုင်းမှာစတင်နိုင်ဖို့ ဆောက်ရွက်နေ ပါတယ်။ ဒီအကြောင်းကိုဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်ကတင်ပြပေးထားပါတယ်။

ကမ္ဘာ့ဘဏ်နဲ့ လူမှုဝန်ထမ်းဦးစီးဌာနတို့ဆွေးနွေးအကောင်အထည်ဖော်နေတဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့ ၂ နှစ်အောက် ကလေးတွေအတွက် ဒေါ်လာသန်း ၁၀၀ သုံးစွဲပြီး ငွေကြေးထောက်ပံ့မယ့် အာဟာရဖွံ့ဖြိုးရေးအစီအစဉ်ကိုလာမယ့် ၂၀၁၉ နှစ်ဆန်းပိုင်းမှာအကောင်အထည်ဖော်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ဒီစီမံကိန်းကကမ္ဘာဘဏ်ကနေ ငွေချေးယူတဲ့ပုံစံတစ်မျိုးဖြစ်ပြီး အဲဒီ်ဒေသတွေမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကိုဘယ်လောက်ပေးမယ်၊ ဘယ်လိုပေးမယ် ဆိုတာကိုအဖွဲ့အစည်းနှစ်ခုကြားမှာညှိနှိုင်းနေဆဲဖြစ်တယ်လို့ လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်လင်းထင်က ပြောပါတယ်။

“ဒီဟာထောက်ပံ့ငွေဆိုတာချေးငွေပါ၊ ပျော့ပျောင်းတဲ့ချေးငွေပါ။ အလကားပေးတဲ့ပိုက်ဆံတော့ မဟုတ်ပါဘူး။ ကာလရှည်ချေးငွေတစ်ခုပါ။ သူတို့ရဲ့ အာဟာရအတွက် ရည်ရွယ်ပြီးတော့ စနစ်တကျ အာဟာရဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီးတော့ ငွေကြေးထောက်ပံ့တယ်။ ပြီးတော့ ဒီအာဟာရဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာအသိပညာပေးတဲ့ အစီအစဉ်ပါ တွဲပြီးပါသွားမှာပေါ့။”

ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းကကိုယ်ဝန်ဆောင်မိခင်တွေနဲ့ကလေးတွေရဲ့ အာဟာရဖွံ့ဖြိုးဖို့ရည်ရွယ်ပြီးတစ်ယောက်ကို ကျပ်တစ်သောင်းခွဲစီ လတိုင်း ထောက်ပံ့ပေးနိုင်အောင် ဆွေးနွေးညှိနိုင်းနေတာလို့ ဦးကျော်လင်းထင်ကဆက်ပြောပါတယ်။

“ဆွေးနွေးနေတယ်ပေါ့၊ ဆွေးနွေးနေတယ်ဆိုတာဒီတစ်သောင်းခွဲဆိုတဲ့ပိုက်ဆံကလိုချင်တဲ့ရလာဒ်တစ်ခုကိုရမလား၊ မရဘူးလားစသဖြင့်ပေါ့။ လောလော ဆယ်မှာတော့ လျာထားတာကတစ်သောင်းခွဲလို့ လျာထားပါတယ်။ အဲဒါက ကျွန်တော်တို့ အားလုံးညှိလို့ နှိုင်းလို့အဆင်ပြေပြီ နှစ်ဘက်လုံး သဘောတူတဲ့ အခါကျရင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ကျွန်တော်တို့ ဒီဟာကိုကျွန်တော်တို့ စပြီးလုပ်ငန်းကိုစမှာပါ။”

အစိုးရကချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ နာဂဒေသကကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးတွေ ကို ငွေကြေးထောက်ပံ့တာလုပ်ဆောင်နေပြီး ကမ္ဘာ့ဘဏ်က ပူးပေါင်းပါဝင်ဖို့ ဆောင်ရွက်နေတာ ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ရဲ့ ပြန်ကြားရေးတာဝန်ခံဦးကျော်စိုးလင်းက အခုလိုပြောပါတယ်။

“လူမှုဝန်ထမ်းဦးစီးဌာနကနေသူတို့လုပ်နေတဲ့ လက်ရှိလုပ်နေတဲ့အစီအစဉ်ပဲပေါ့နော်။ ဒီအစီအစဉ်ကိုမှ ကျွန်တော်တို့ ကမ္ဘာ့ဘဏ်အနေနဲ့ ကမ္ဘာ့ဘဏ်ရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ ဆက်ပြီးတိုးချဲ့သွားဖို့ပေါ့နော်။ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းမှာတိုးချဲ့သွားဖို့ ဆိုပြီးတော့မှ ဒါဟာဆွေးနွေးနေတာပေါ့။ အစိုးရရဲ့ မဟာဗျူဟာထဲမှာလည်းတစ်ခုအနေနဲ့ပါတယ် လူမှုရေးထောက်ပံ့ပေးမှုပေါ့နော်။ အဓိကကဏ္ဍတစ်ခုအနေနဲ့ပါတော့ ဒါကိုသူတို့က တိုးချဲ့ သွားဖို့ ရှိတယ်။ လိုအပ်တဲ့ငွေကြေးပံ့ပိုးမှု၊ နည်းပညာပံ့ပိုးမှုကိုကမ္ဘာ့ဘဏ်လို အဖွဲ့အစည်း ကနေယူဖို့အတွက် ဆွေးနွေးညှိနှိုင်းတဲ့ သဘောပါပဲ။”

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံရဲ့ဘက်ပေါင်းစုံပြုပြင်ပြောင်းလဲရေးကဏ္ဍတွေမှာ ပါဝင် ကူညီနေတာ ဖြစ်ပြီးလူမှုဗဟိုပြု လေးနှစ်တာစီမံကိန်းမှာ လူဦးရေငါးသန်း ကျော်နေထိုင်တဲ့ ကျေးရွာပေါင်း ၈,၆၀၀ ကိုပံ့ပိုးပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG