ဆီးရီးယားနိုင်ငံ၊ ဒမတ်စ်ကပ်စ်မြို့တော်အပြင်ဘက်က ပါလက်စတိုင်းဒုက္ခသည်စခန်းတခုရဲ့ နေရာအများစုကို အစ္စလာမ်စစ်သွေးကြွ IS အစွန်းရောက် အဖွဲ့က သိမ်းလိုက်ပြီလို့ ဆီးရီးယားအရေး စောင့်ကြည့်လေ့လာနေတဲ့အဖွဲ့တဖွဲ့က ပြောလိုက်ပါတယ်။
IS နဲ့ al-Nusra တပ်ဦးအဖွဲ့တွေက လက်နက်ကိုင်တွေဟာ Yarmouk ဒုက္ခသည်စခန်း ၉၀ % ကို ထိန်းချုပ်ထားနိုင်နေပြီဖြစ်ကြောင်း ဆီးရီးယားအရေး စောင့်ကြည့်နေတဲ့ လူအခွင့်အရေးအဖွဲ့က ပြောပါတယ်။ al-Nusra အဖွဲ့ဟာ ဆီးရီးယားမှာ အခြေစိုက်တဲ့ al-Quaida အဖွဲ့ခွဲ ဖြစ်ပြီး IS စစ်သွေးကြွ အဖွဲ့နဲ့ ပေါင်းပြီး တခြားဆီးရီးယားက စစ်သွေးကြွအဖွဲ့တခုနဲ့ ဆီးရီးယားအစိုးရကိုဆန့်ကျင်တဲ့ ပါလက်စတိုင်းကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
မြေပြင်တိုက်ပွဲတွေအတွင်း ဒုက္ခသည်စခန်းကို ဆီးရီးယားတပ်ဖွဲ့တွေကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဘက်မှုတွေအတွင်း ကလေးတွေအများအပြား အပါအဝင် ဒုက္ခသည်စခန်းအတွင်းနေထိုင်သူ အရပ်သား တသောင်း ရှစ်ထောင်လောက်ဟာ စခန်းအတွင်းမှာ ပိတ်မိနေခဲ့ကြတာပါ။
Yarmouk ဒုက္ခသည်စခန်းကို တိုက်ခိုက်ခဲ့တဲ့လုပ်ရပ်အပေါ် အမေရိကန် ပြည်ထောင်စုက စနေနေ့မှာ ပြစ်တင် ဝေဖန်လိုက်ပါတယ်။ IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့နဲ့ သူတို့ရဲ့ အပေါင်းအပါတွေဟာ စခန်းထဲမှာ ၂ နှစ်တာ ပိတ်မိနေပြီး အစားရေစာ၊ ဆေးဝါးမလောက်မငနဲ့ နေထိုင်နေခဲ့ကြရတဲ့ အရပ်သား ဒုက္ခသည်တွေကို အကြီးအကျယ် အန္တရာယ်ပေးမယ့်သူတွေ ဖြစ်တယ်လို့လည်းဆိုပါတယ်။