အမေရိကန်ပြည်ထောင်စုနဲ့ သူ့ရဲ့ညွန့်ပေါင်း အဖွဲ့ဝင်တွေအနေနဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေအပေါ် ချေမှုန်းတိုက်ခိုက်ရေးကို အရှိန်အဟုန်မြှင့်ပြီး လုပ်ဆောင်သွားဖို့ ဆန္ဒရှိတဲ့အကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Ash Carter က အီရတ်ခေါင်းဆောင်တွေကို အလေးထား ပြောဆိုလိုက်ပါတယ်။
ကြိုတင်မကြေညာဘဲ IS တွေအပေါ် တိုက်ခိုက်ချေမှုန်းနေတာကို ပိုမို အထောက်အကူပေးရေး ကမ်းလှမ်းဖို့ ဘဂ္ဂဒက်မြို့ကို ဗုဒ္ဓဟူးနေ့ သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း Mr.Carter ဟာ အီရတ်ဝန်ကြီးချုပ် Haider al-Abadi ကာကွယ်ရေးဝန်ကြီး Khaled al-Obaidi တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
အီရတ်ခေါင်းဆောင် ၂ ယောက်နဲ့ တွေ့ဆုံခဲ့ရာမှာ Ramadi မြို့ကို အပြည့်အ၀ ပြန်လည်သိမ်းပိုက်တဲ့ စစ်ရေးအောင်မြင်မှုရဲ့ အရေးပါတဲ့ အချက်တွေကို အခြေခံပြီး Mosul ကို အမြန်ဆုံး ပြန်လည် သိမ်းပိုက်နိုင်ရေးအတွက် ဆွေးနွေးခဲ့တယ်လို့ Mr. Carter က သတင်းထောက်တွေကို ပြောပါတယ်။
ဒီစစ်ဆင်ရေးအတွက် အမေရိကန် ပြည်ထောင်စုအနေနဲ့ အီရတ် လုံခြုံရေးတပ်ဖွဲ့တွေကို ပိုမို အနီးကပ် ပူးပေါင်း အားဖြည့်ပေးနိုင်တယ်လို့ Mr. Carter က ပြောပါတယ်။
ဝန်ကြီး Carter ဟာ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေမှာ တိုက်ပွဲဝင်နေတဲ့ အမေရိကန်တပ်ဖွဲ့ တပ်မှူးကြီး ဗိုလ်ချုပ်ကြီး Sean McFarland နဲ့ တွေ့ဆုံပြီး အကြမ်းဖက် အုပ်စုတွေအပေါ် ချေမှုန်းရေးကို အရှိန်မြှင့် လုပ်ဆောင်ရေး ဆွေးနွေးခဲ့ကြပါတယ်။