သုံးရလွယ်ကူစေသည့် Link များ

IS ဖမ်းထားသူ ဂျပန် ၂ ဦးပြန်လွှတ်ပေးဖို့ ဝန်ကြီးချုပ် Abe တောင်းဆို


အစ္စလာမ်စစ်သွေးကြွအဖွဲ့ IS က ဖမ်းဆီးထားပြီး ပြန်ပေးငွေ ဒေါ်လာသန်း ၂၀၀ ကို ၇၂ နာရီအတွင်း မပေးရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခံထားရတဲ့ ဂျပန်နိုင်ငံသား ၂ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဂျပန်ဝန်ကြီးချုပ်က တောင်းဆိုလိုက်ပါတယ်။

ဂျပန်နိုင်ငံသားတွေကို သတ်မယ်လို့ ခြိမ်းခြောက်ထားတဲ့ ဗွီဒီယိုကို IS အဖွဲ့က ထုတ်ပြန်လိုက်တာကို တွေ့ရတဲ့အတွက် ခါးခါးသည်းသည်း ခံစားမိသလို၊ ခွင့်မလွှတ်နိုင်တဲ့ လုပ်ရပ်ဖြစ်တဲ့အကြောင်း၊ သူတို့ ၂ ဦးကို ထိခိုက်နာကျင်အောင် မလုပ်ဖို့၊ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အပြင်းအထန် တောင်းဆိုလိုက်တဲ့အကြောင်း ဝန်ကြီးချုပ် Shinzo Abe က ပြောဆိုခဲ့ပါတယ်။

လိမ္မော်ရောင်ဝတ်စုံတွေနဲ့ ဂျပန်နိုင်ငံသား ၂ ဦးကို ဒူးထောက်ခိုင်းထားပြီး ဓားမြှောင်တလက်နဲ့ ဝတ်စုံအနက် ဝတ်ဆင်ထားသူ စစ်သွေးကြွတယောက်က အင်္ဂလိပ်ဘာသာနဲ့ ခြိမ်းခြောက် ပြောဆိုထားတဲ့ ဗွီဒီယို ထွက်ပေါ်လာပြီး နာရီပိုင်းအကြာမှာပဲ ဂျေရုဆလင်မှာ ရောက်နေတဲ့ ဂျပန်ဝန်ကြီးချုပ်က ပြောဆိုလိုက်တာပါ။

စစ်သွေးကြွတွေရဲ့ ဗွီဒီယိုထဲမှာတော့ ဖမ်းဆီးထားတဲ့ ဂျပန်နိုင်ငံသား ၂ ဦးဟာ Kenji Goto နဲ့ Haruna Yakawa တို့ ဖြစ်တယ်လို့ ပြောဆိုထားသလို၊ IS စစ်သွေးကြွအဖွဲ့အပေါ် အနောက်နိုင်ငံတွေရဲ့ စစ်ဆင်ရေးတွေကို ဂျပန်နိုင်ငံက ထောက်ခံနေတာဟာလည်း မိုက်မဲတဲ့ လုပ်ရပ်အဖြစ် ဝေဖန်ပြောဆိုခဲ့တာပါ။

အီရတ်နဲ့ ဆီးရီးယား နိုင်ငံတွေမှာရှိကြတဲ့ IS စစ်သွေးကြွ ပစ်မှတ်တွေကို ပြီးခဲ့တဲ့ သြဂုတ်လကစလို့ လေကြောင်းကနေ အကြိမ်ပေါင်း ၁၇၀၀ ကျော် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့ အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ထဲမှာတော့ ဂျပန်နိုင်ငံ မပါဝင်ပေမဲ့ ဆွန်နီမူဆလင် အစွန်းရောက်တွေကို တိုက်ခိုက်နေတဲ့ နိုင်ငံတွေအတွက် စစ်ဘက်နဲ့မဆိုင်တဲ့ အကူအညီအဖြစ် ဒေါ်လာသန်း ၂၀၀ ပေးအပ်ဖို့ ဝန်ကြီးချုပ် Shinzo Abe က စနေနေ့မှာပဲ ကတိပြုထားပါတယ်။

XS
SM
MD
LG