သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS အစွန်းရောက်နှိမ်နင်းမှု ဂျော်ဒန်မဆုတ်မနစ် လုပ်ဆောင်မည်


ဂျော်ဒန် တိုက်လေယာဉ်မှူးကို IS အစ္စလာမ်မစ် စစ်သွေးကြွတွေက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့အတွက် ဒီစစ်သွေးကြွတွေကို ပြင်းပြင်းထန်ထန် ချေမှုန်းမယ်လို့ ဂျော်ဒန်ဘုရင် Abdullah က ကတိပေး ကြုံးဝါးလိုက်ပါတယ်။

ဂျော်ဒန် တိုက်လေယာဉ်မှူး Muath al-Kaseasbeh ဟာ ဆီးရီးယားနိုင်ငံထဲမှာ စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့ သွားရောက်တဲ့ စစ်ဆင်ရေးမှာ လေယဉ်ပျက်ကျပြီး အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဂျော်ဒန်တိုက်လေယာဉ်မှူး အသတ်ခံခဲ့ရတဲ့အတွက် နိုင်ငံတကာက ဝိုင်းဝန်းပြစ်တင်ရှုံ့ချခဲ့ကြသလို ဂျော်ဒန်အာဏာပိုင်တွေကလည်း သူတို့ဖမ်းမိထားတဲ့ စစ်သွေးကြွတွေထဲက အီရတ်အကျဉ်းသား ၂ ဦးကို ကွပ်မျက်ခဲ့ပါတယ်။ တဦးက အသေခံဗုံးခွဲဖို့ ကြိုးစားပေမဲ့ အဲဒီတုန်းက အသက်မသေကျန်ခဲ့တဲ့ Sajida al-Rishawi ဖြစ်ပြီး နောက်တဦးက အယ်လ်ခိုင်းဒါး စစ်ရေးလှုပ်ရှားသူ Ziad al-Karbouly ဖြစ်ပါတယ်။

ဂျော်ဒန်နိုင်ငံဟာ IS အစ္စလမ်မစ်စစ်သွေးကြွတွေနဲ့ မကျေတမ်း စစ်ပွဲဆင်နွှဲမယ်လို့ ဂျော်ဒန်ဘုရင် Abdullah က အလေးအနက်ထား ပြောကြားခဲ့ပါတယ်။ မူဆလင်တွေရဲ့ ယုံကြည်မှု၊ စံတန်ဖိုးနဲ့ လူ့သိက္ခာကို ကာကွယ်ဖို့အတွက် ဒီစစ်ပွဲကို ဆင်နွှဲတာ ဖြစ်ပြီး ဒီစစ်သွေးကြွအဖွဲ့ လုံးဝ ပျက်သုဉ်းသွားတဲ့အထိ မရပ်မနား တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

IS အစ္စလမ်မစ်စစ်သွေးကြွအဖွဲ့က al-Rishawi ကို အကျဉ်းသား အလဲအလှယ်နဲ့ ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ ဂျော်ဒန် တိုက်လေယာဉ်မှူး အသက်ရှင်လျက် ရှိနေတာကို သက်သေပြဖို့ ဂျော်ဒန်ဘက်က တောင်းဆိုခဲ့တာပါ။ အင်္ဂါနေ့မှာတော့ လှောင်အိမ်ထဲက လေယာဉ်မှူးကို မီးရှို့သတ်တဲ့ ဗွီဒီယို အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီဗွီဒီယိုဟာ အတုလုပ်ပြီး ရိုက်ထားတာ မဖြစ်နိုင်ဘူးလို့ အမေရိကန် ထောက်လှန်းရေးတွေက သုံးသပ်ပါတယ်။

XS
SM
MD
LG