သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးများကို အဓမ္မလိင်စော်ကားမှု လက်နက်သဖွယ် IS အသုံးပြု


IS အစ္စလာမ်မစ် စစ်သွေးကြွတွေက စစ်ရာဇဝတ်မှုတွေနဲ့ လူသားထုအပေါ်ကျူးလွန်တဲ့ ပြစ်မှုတွေ လုပ်ဆောင်နေကြတာမှာ အီရတ်နိုင်ငံ မြောက်ပိုင်းမှာတော့ Yazidi မျိုးနွယ်အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်တာကို လက်နက်သဖွယ် အသုံးပြုနေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က ပြောပါတယ်။

စစ်သွေးကြွတွေ လက်ထဲကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ် ၄၂ ဦးနဲ့ အဖမ်းခံနေရဆဲ အမျိုးသမီးတွေကို မေးမြန်းပြီး ရေးသားထားတဲ့ အစီရင်ခံ စာတစာင်ကို Amnesty International အဖွဲ့က ဒီကနေ့ပဲ ထုတ်ပြန်လိုက်တာပါ။ အဓမ္မပြုကျင့်တာနဲ့ တခြား လိမ်ပိုင်ဆိုင်ရာ အကြမ်းဖက်မှုတွေ အပါအဝင် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ နှိပ်စက် ညှင်းပမ်းမှုတွေကို အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သူတို့ ဆက်ဆံခံရတဲ့ပုံကြောင့် အသက် ၁၉ နှစ်အရွယ် မိန်းကလေးငယ် သူ့ဖာသူ သတ်သေသွားပြီး သတ်သေဖို့ ကြံစည်ကြသူတွေ အများအပြား ရှိတယ်လို့ ထွက်ပြေးလွတ်မြောက်လာသူ အများအပြားက ပြောပါတယ်။

သူတို့ကြုံရတဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပမ်းမှုတွေက အတော်ဆိုးရွားပြီး IS လက်ထဲက လွတ်မြောက်လာသူတွေတောင် စိတ်ဒဏ်ရာ ပြင်းပြင်းထန်ထန်ခံစားနေရတုံးပဲလို့ Amnesty အဖွဲ့ရဲ့ ပဋိပက္ခအခြေအနေ တုံ့ပြန်ကိုင်တွယ်ရေး အဆင့်မြင့်အကြံပေးဖြစ်သူ Donatella Rovera က ပြောသွားပါတယ်။

XS
SM
MD
LG