သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ၂၀၀ ကျော် တူရကီ ချေမှုန်း


တူရကီလေကြောင်းစစ်ဆင်ရေး။
တူရကီလေကြောင်းစစ်ဆင်ရေး။

တူရကီနိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်ရက်က အစ္စတန်ဘူးလ်မြို့မှာ ဖြစ်ပွားခဲ့ပြီး၊ ဂျာမန် ကမ္ဘာလှည့် ခရီးသွား ၁၀ဦး သေဆုံးစေခဲ့တဲ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှု အတွက် လက်တုန့်ပြန်တဲ့အနေနဲ့ အီရတ်နဲ့ ဆီးရီးယားနိုင်ငံမှာ IS စစ်သွေးကြွ ၂၀၀ကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်လိုက်ပါတယ်။

တူရကီတပ်ဖွဲ့ဝင်တွေဟာ ဆီးရီးယားနဲ့ နယ်စပ်တစ်လျှောက် နဲ့ အီရတ်မြောက်ပိုင်းက တူရကီစခန်းတစ်ခု အနီးမှာ ရှိတဲ့IS အဖွဲ့ရဲ့ ပစ်မှတ် ၅၀၀ကို အမြောက်တွေ တင့်ကားတွေနဲ့ ပစ်ခတ်ခဲ့တဲ့အကြောင်း ဝန်ကြီးချုပ် Ahmet Davutoglu က ပြောပါတယ်။ ဒီတုန့်ပြန် တိုက်ခိုက်မှုတွေကို ပြီးခဲ့တဲ့ ၄၈နာရီ အတွင်း ပြုလုပ်ခဲ့တာလို့ သူက ပြောပါတယ်။

တူရကီနိုင်ငံအနေနဲ့ လိုအပ်ရင် သူပုန်အဖွဲ့တွေကို တိုက်ခိုက်ရာမှာ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်သွားမှာပြီး၊ IS စစ်သွေးကြွတွေ နယ်စပ်ဒေသက ဆုတ်ခွာသွားတဲ့ အထိ မဆုတ်မနစ် ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဝန်ကြီးချုပ် Davutoglu က အန်ကာရာမြို့မှာ ကျင်းပတဲ့ တူရကီ သံအမတ်များ ညီလာခံမှာ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလက ရုရှား ဖိုက်တာ ဂျက်လေယာဉ်တစ်စီးကို တူရကီလေယာဉ်မှူး တစ်ဦးက ပစ်ချခဲ့တဲ့အတွက်၊ တူရကီ ရဲ့ စစ်လေယာဉ်တွေဟာ ဆီးရီးယားရဲ့ လေကြောင်း ပိုင်နက်ထဲကို ဝင်ရောက်မှာတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ၊ အာဏာပိုင်တွေအနေနဲ့ အသေခံဗုံးခွဲမှုနဲ့ ဆက်စပ်မှုရှိတယ်လို့ သံသယရှိ ခံရသူ ၇ဦးကို ဖမ်းဆီးထားပြီး၊ ဒီအထဲက ၃ဦးဟာ ရုရှားနိုင်ငံသားတွေ ဖြစ် တယ်လို့ တူရကီ ပြည်ထဲရေး ဝန်ကြီး Efkan Ala က ပြောပါတယ်။

ဒီဗုံးခွဲတိုက်ခိုက်မှုမှာ လူ၁၀ဦး သေဆုံးပြီး၊ အခြား ၁၅ဦး ဒဏ်ရာရရှိသွားတဲ့အနက် အများစုဟာ ဂျာမန်လူမျိုးတွေဖြစ်ပါတယ်။

XS
SM
MD
LG