သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS သိမ်းထားတဲ့ နောက်တမြို့ ဆီးရီးယား တပ်တွေ ပြန်သိမ်းနိုင်


IS သိမ်းထားတဲ့ Qaryatain ကိုဆီးရီးယားအစိုးရ က ပြန်သိမ်း
IS သိမ်းထားတဲ့ Qaryatain ကိုဆီးရီးယားအစိုးရ က ပြန်သိမ်း

ဆီးရီးယားနိုင်ငံအလယ်ပိုင်းက အရေးပါတဲ့ နောက်ထပ် မြို့တမြို့ဖြစ်တဲ့ Qaryatain ကို IS အစ္စလာမ်မစ်အစွန်းရောက်အကြမ်းဖက်အဖွဲ့ လက်ထဲကနေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ဆီးရီးယားအစိုးရ တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။ သမိုင်းဝင်မြို့ဖြစ်တဲ့ Palmyra ကိုပြန်လည်သိမ်းယူပြီး နောက်သတင်းပတ်တပတ်အကြာမှာ IS တွေဆီကနေ ပြန်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆီးရီးယားအစိုးရက ဆိုပါတယ်။

ရုရှားရဲ့ လေကြောင်းတိုက်ခိုက်ရေးအကူအညီနဲ့ Qaryatain မြို့ကို သိမ်းယူနိုင်ခဲ့တာကြောင့် နိုင်ငံအရှေ့ပိုင်းက ရေနံထွက်တဲ့နေရာတွေနဲ့ Damascus မြို့တော် ကြားမှာရှိတဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့လမ်းကြောင်းတွေကို လုံခြုံစိတ်ချမှုရှိစေတာဟာ နည်းဗျူဟာအရ အောင်မြင်မှုတခုဖြစ်တယ်လို့လည်းပြောပါတယ်။

ဒါပေမဲ့လို့ ဗြိတိန်အခြေစိုက် ဆီရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးကတော့ အခုလိုဆီးရီးယားအစိုးရရဲ့ပြောကြားမှုဟာ စောလွန်းနေသေးပြီး IS စစ်သွေးကြွတိုက်ခိုက်ရေးသမားတွေဟာ ပြိုကွဲတော့မယ့်အခြေအနေမှာပဲ ဆက်ပြီးရှိနေဆဲပဲလို့ ပြောပါတယ်။ စစ်သွေးကြွအဖွဲ့ဝင်တချို့ဟာ အနားမှာရှိတဲ့ တောင်တန်းဒေသဘက်ကို စတင်ဆုတ်ခွာနေကြပေမယ်လို့ Qaryatain မြို့ အရှေ့နဲ့ အရှေ့တောင်ပိုင်းနေရာတွေမှာ သူတို့တွေ ဆက်ပြီး ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ စောင့်ကြည့်ရေးအဖွဲ့ကြီးကဆိုပါတယ်။

အရင်က ခရစ်ယာန်ဘာသာဝင်အများစုနေထိုင်ခဲ့တဲ့ Qaryatain မြို့မှာ လူအရေအတွက် ဒါဇင်ပေါင်းများစွာကို ISအစွန်းရောက်အကြမ်းဖက်အုပ်စုက ဖမ်းဆီးခဲ့တာပါ။ တချို့ကိုတော့ ပြန်လွှတ်ပေးခဲ့ပေမဲ့ အခြားသူတွေကိုတော့ မွတ်ဆလင်မဟုတ်သူတွေအတွက် သတ်မှတ်ထားတဲ့ အခွန်ငွေပေးပါမယ်ဆိုတဲ့ ခံဝန်ဂတိကို အတင်းအဓမ္မလက်မှတ်ထိုးခိုင်းခဲ့ပါတယ်။

XS
SM
MD
LG