သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS စစ်သွေးကြွတွေကို ဆီးရီးယားမှာ အမေရိကန်လေကြောင်းက ဆက်တိုက်


အမေရိကန်ပြည်ထောင်စုအနေနဲ့ ညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်ပြီး ဆီးရီးယားနိုင်ငံအတွင်းမှာ ရှိနေတဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် ပြုလုပ်သွားမယ်လို့ အမေရိကန်က ပြောလိုက်ပါတယ်။

ဒါဟာ ဆီးရီးယားအစိုးရကို ကူညီထောက်ပံ့ပေးတဲ့အနေနဲ့ ရုရှားက လေကြောင်းတိုက်ခိုက်မှုတွေ ဗုဒ္ဓဟူးနေ့က စတင် ပြုလုပ်နေပြီဖြစ်တဲ့အတွက် ဆီးရီးယား လေကြောင်းပိုင်နက်အတွင်း အမေရိကန် လေယာဉ်တွေ ဝင်မလာဖို့ ရုရှားရဲ့ တောင်းဆိုချက်ကို မျက်ကွယ်ပြုလိုက်တာလည်း ဖြစ်ပါတယ်။

IS စစ်သွေးကြွတွေကို သူတို့အနေနဲ့ လေကြောင်းက တိုက်ခိုက်မှုတွေ ပြုလုပ်မယ့်အကြောင်း ဘဂ္ဂဒက်မှာရှိတဲ့ အမေရိကန်သံရုံးကို ရုရှားအရာရှိတွေက အနားကပ်ပြီး အကြောင်းကြားစာ ပို့ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် John Kirby က ပြောပါတယ်။

ညွန့်ပေါင်းတပ်ဖွဲ့တွေနဲ့ ရုရှားတပ်ဖွဲ့တွေအကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်မယ့်အရေးက ရှောင်ရှားနိုင်ဖို့ ဆီးရီးယားနိုင်ငံအတွင်းမှာ ပြုလုပ်မယ့် ညွန့်ပေါင်းအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ရုရှားဘက်ကို အသိပေးဖို့ ကာကွယ်ရေးဝန်ကြီး Ash Carter က ပင်တဂွန် စစ်ဌာနချုပ်ကို ညွန်ကြားထားတယ်လို့ ပင်တဂွန် ပြောခွင့်ရက ပြောပါတယ်။

ဒီအတောအတွင်း ဆီးရီးယားနိုင်ငံ အနောက်ပိုင်း Homs မြို့အနီးမှာ ပြုလုပ်ခဲ့တဲ့ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ IS စစ်သွေးကြွတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဟုတ် မဟုတ် ဆိုတဲ့အပေါ် ပင်တဂွန်နဲ့ အနောက်အုပ်စု အစိုးရတွေက မေးခွန်း ထုတ်နေကြပါတယ်။

XS
SM
MD
LG