သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS စစ်သွေးကြွတွေကို နှိမ်နင်းဖို့ ကန်အမတ်တွေ ဆွေးနွေးမည်


အီရတ်နဲ့ဆီးရီးယားမှာ အခြေစိုက်နေတဲ့ အစ္စလာမ် အစွန်းရောက် IS အဖွဲ့ကို တုံ့ပြန်တိုက်ခိုက်နိုင်မယ့် နည်းလမ်းတွေကို အမေရိကန် လွှတ်တော်အမတ်တွေ ဒီကနေ့ ချိန်ဆ ဆွေးနွေးကြတော့မှာပါ။ သမ္မတ ဘရက်ခ် အိုဘားမား ကတော့ ဒီ IS အကြမ်းဖက်အဖွဲ့ကို တိုးမြှင့်ချေမှုန်းဖို့ ပြီးခဲ့တဲ့အပတ်က ကြေညာရာမှာ၊ အီရတ်တပ်တွေကို လေကြောင်းက ကူညီပေးမှာနဲ့ ဆီးရီးယားမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်သွားမှာတို့ကို ထည့်သွင်းခဲ့ပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel အနေနဲ့လည်း ဒီစစ်သွေးကြွအဖွဲ့ရဲ့ ခြိမ်းခြောက်မှု အနေအထားကို အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များ ကော်မတီမှာ ပူးတွဲ စစ်ဦးစီးချုပ်များ ဥက္ကဌ ဗိုလ်ချုပ်ကြီး Martin Dempsey နဲ့အတူ ဒီကနေ့ ရှင်းပြဖို့ ရှိနေပါတယ်။

သမ္မတ Obama ကတော့ လေကြောင်းတိုက်ခိုက်ရေး လုပ်ဖို့အတွက် လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ယူစရာမလိုဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ IS အဖွဲ့နဲ့ ဆီးရီးယားအစိုးရ ၂ ခုလုံးကို တိုက်ခိုက်နေတဲ့ ဆီးရီးယားသူပုန်တွေကို စစ်သင်တန်းပေးဖို့အတွက်တော့ လွှတ်တော်က ထောက်ခံပေးဖို့ တောင်းဆိုထားပါတယ်။

အမေရိကန် အောက်လွှတ်တော်မှာတော့ ပင်တဂွန်စစ်ဌာနချုပ်အနေနဲ့ စစ်သင်တန်းတွေ မပေးခင် ၁၅ ရက်မှာ လွှတ်တော်ကို ကြိုတင် အကြောင်းကြားပေးဖို့နဲ့ နောက်ဆက်တွဲ ပုံမှန် အစီရင်ခံပေးဖို့လိုတဲ့ ဥပဒေကြမ်းကို အစောဆုံးအနေနဲ့ နက်ဖြန်မှာ တင်သွင်းဆွေးနွေးဖို့ ပြင်ထားပါတယ်။ ဒီမူကြမ်းအတွက် အထက်လွှတ်တော်က အတည်ပြုချက်ကိုလည်း ရယူရမှာပါ။

အမေရိကန် စစ်လေယာဉ်တွေအနေနဲ့ မနေ့ကပဲ IS တွေရှိတဲ့ အီရတ်နိုင်ငံမှာ ပထမဆုံး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ရာမှာ အီရတ်မြို့တော် ဘဂ္ဂဒက်မြို့ အနောက်တောင်ပိုင်းက ပစ်မှတ်တွေနဲ့ မြောက်ပိုင်းက Sinjar တောင် အနားက ဒေသတွေကို တိုက်ခိုက်ခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်လေကြောင်းတွေ ဆက်တိုးပြီး မတိုက်ခိုက်ရသေးတဲ့ ဆီးရီးယားနယ်စပ်ဘက်မှာ အခြေစိုက်တဲ့ IS စစ်သွေးကြွတွေက ဆီးရီးယားအစိုးရပိုင် စစ်လေယာဉ်တစင်းကို ပထမဆုံးအနေနဲ့ ဒီနေ့ ပစ်ချလိုက်တယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးအဖွဲ့က ဆိုလိုက်ပါတယ်။

XS
SM
MD
LG