သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်သွေးကြွတွေအပေါ် ထိုးစစ်ဆင်ဖို့ အမေရိကန်လေတပ် တူရကီမှာပြင်ဆင်


တူရကီတောင်ပိုင်းမှာရှိတဲ့ လေတပ်အခြေစိုက်စခန်းကို အမေရိကန် အဝေးထိန်း drone ယာဉ်တွေ ရောက်ရှိလာနေတယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ တူရကီနဲ့ ဆီးရီးယားနယ်စပ်မှာ ကြီးစိုးနေတဲ့ IS စစ်သွေးကြွတွေကို တိုက်ဖို့အတွက် အခုလို ရောက်လာတာလည်း ဖြစ်ပါတယ်။

စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ အင်အားတောင့်တင်းမှု သိပ်မရှိတဲ့ တပ်ပေါင်းစုတွေကို ဦးဆောင်တိုက်ဖို့ အမေရိကန်နဲ့ တူရကီတပ်တွေ ပေါင်းပြီး ပြင်းထန်တဲ့ ထိုးစစ်တွေ စတင်သွားမှာဖြစ်တဲ့အကြောင်း မစ္စတာ Cavusoglu က မလေးရှားနိုင်ငံ ခရီးစဉ်အတွင်း ပြောသွားတာပါ။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်မှာကျင်းပတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ ASEAN ဆွေးနွေးပွဲ ဘေးပန်းမှာ ဝန်ကြီးကယ်ရီနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဆီးရီးယားနဲ့ နယ်ချင်းဆက်နေတဲ့ တူရကီတောင်ပိုင်းအနီးက Incirllik လေကြောင်းအခြေစိုက်စခန်းကို အမေရိကန်တပ်တွေ အသုံးပြုဖို့ တူရကီဘက်က အရင်လက သဘောတူခဲ့တာပါ။

ဆီးရီးယားမြောက်ပိုင်းဒေသကနေ ကီလိုမီတာ ၁၀၀ အကွာအဝေးကို IS ကင်းစင်နယ်မြေဖြစ်လာအောင် ကြိုးပမ်းတဲ့အနေနဲ့ ဒီအစီအစဉ်ကို လုပ်ခဲ့တာလို့ အစိုးရအရာရှိတွေက ပြောပါတယ်။ ဒီအထဲမှာ တူရကီအစိုးရက တချိန်လုံး တောင်းဆိုခဲ့တဲ့ လေယာဉ်မပျံသန်းရ နယ်မြေတော့ ပါဝင်မှာ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက ဆီးရီးယားနိုင်ငံထဲက IS အစွန်းရောက်တွေကို လေကြောင်းထိုးစစ်တွေ ဆင်နွှဲနေတဲ့ မဟာမိတ်တပ်တွေကို အမေရိကန်တို့က ဦးဆောင်နေခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG