သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်တစ်ယောက်ကို ခေါင်းဖြတ်တဲ့ Video IS ထုတ်ပြန်


ဗြိတိသျှနိုင်ငံသား ကူညီထောက်ပံ့ရေးဝန်ထမ်း David Haines ကို သတ်ဖြတ်လိုက်ကြောင်း Islamic State အစ္စလာမ်စစ်သွေးကြွအဖွဲ့က ပြောပါတယ်။ Haines ကို ခေါင်းဖြတ်သတ်နေတဲ့ ဗွီဒီယိုကို စစ်သွေးကြွတွေက ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ အီရတ်နဲ့ ဆီးရီးယား နယ်မြေ ၂ ခုပေါင်းပြီး အစ္စလာမ်မစ်နိုင်ငံတော် တည်ထောင်ဖို့ သူတို့ရဲ့ ကြိုးပမ်းမှုကို ရပ်တန့်နိုင်ရေးအတွက် အမေရိကန်ဦးဆောင်ပြီး ဖွဲ့စည်းနေတဲ့ ညွန့်ပေါင်းအဖွဲ့ထဲ ဗြိတိန်ပါဝင်ရင် Haines ကို သတ်ပစ်မယ်လို့ အစ္စလာမ် စစ်သွေးကြွတွေက ခြိမ်းခြောက်ထားတာပါ။

အသက် ၄၄ နှစ်အရွယ်၊ ကလေးနှစ်ယောက်ဖခင် Haines ဟာ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တခုရဲ့ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ဖို့ ဆီးရီးယား နိုင်ငံကို ရောက်ပြီး ၃ ရက်အကြာ မနှစ် မတ်လက ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

သူ့ကို ဖမ်းထားသူတွေအနေနဲ့ မိသားစုကိုဆက်သွယ်ကြဖို့ David Haines မိသားစုက အသနားခံချက်ထုတ်ပြန်အပြီး မကြာခင်မှာပဲ အမေရိကန်ရဲ့ မဟာမိတ်များအတွက် သတင်းစကားလို့ ခေါင်းစဉ်တပ်ထားတဲ့ သူ့ကို သတ်နေတဲ့ဗွီဒီယိုကို အစ္စလာမ်စစ်သွေးကြွတွေက ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ အမေရိကန်ဦးဆောင်တဲ့ အစ္စလာမ်စစ်သွေးကြွအဖွဲ့ ဆန့်ကျင်ရေး နိုင်ငံတကာညွန့်ပေါင်းအဖွဲ့မှာ ပါဝင်တဲ့အတွက် ဗြိတိသျှဝန်ကြီးချုပ် David Cameron ကို မျက်နှာဖုံးစွပ်ထားတဲ့ ခေါင်းဖြတ်သတ်သူက ပြစ်တင် ပြောကြားလိုက်ပါတယ်။

ဒီလုပ်ရပ်ဟာ အင်မတန် ယုတ်မာရက်စက်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ခေါင်းဖြတ်သတ်တဲ့ ဗွီဒီယိုထွက်လာပြီး မကြာခင်လေးမှာပဲ ဝန်ကြီးချုပ် David Cameron က Twitter လူမှုကွန်ယက်ကတဆင့် ပြောကြားလိုက်ပါတယ်။ ဝန်ကြီးချုပ် ကင်မရွန်းက David Haines မိသားစုကို ဝမ်းနည်းကြောင်း ပြောကြားလိုက်ပြီး သူ့မိသားစုဟာ တမူထူးခြားတဲ့သတ္တိနဲ့ ခံနိုင်ရည်စွမ်း ပြသခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် လူသတ်သမားတွေကို ဘယ်လောက်ကြာကြာ ဗြိတိသျှအစိုးရရဲ့ လုပ်ပိုင်ခွင့် အခွင့်အာဏာရှိသလောက် လိုက်လံ ရှာဖွေပြီး တရားဥပဒေနဲ့ ရင်ဆိုင်ရအောင် ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ဝန်ကြီးချုပ် ကင်မရွန်းက ပြောပါတယ်။

ဒီသတ်ဖြတ်မှုသာ အတည်ဖြစ်ခဲ့ရင်တော့ ဖမ်းဆီးထားတဲ့ နိုင်ငံခြားသား သုံးယောက်မြောက်ကို အစ္စလာမ် စစ်သွေးကြွအဖွဲ့က ခေါင်းဖြတ် သတ်ဖြတ်ခြင်း ဖြစ်ပါတယ်။ အမေရိကန်သတင်းထောက် Jim Foley နဲ့ Steven Sotloff တို့ ၂ ဦးကိုလည်း ခေါင်းဖြတ်သတ်ခဲ့ပြီး ဖြစ်ပါတယ်။ အီရတ်နိုင်ငံအတွင်းမှာရှိတဲ့ သူတို့တပ်ဖွဲ့တွေကို အမေရိကန်အစိုးရက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကို လက်စားခြေတဲ့အနေနဲ့ အမေရိကန်သတင်းထောက် ၂ ယောက်ကို သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း အစ္စလာမ် စစ်သွေးကြွတွေက ပြောပါတယ်။

XS
SM
MD
LG