သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟန့်တားခံရတဲ့ အစ္စလာမ် ဝတ်ပြုနေရာ ပြန်လည်ခွင့်ပြုမည်


ဓာတ်ပုံ- မင်းရိုးယာဉ် Facebook
ဓာတ်ပုံ- မင်းရိုးယာဉ် Facebook

ရန်ကုန်၊ ဒဂုံမြို့သစ်တောင်ပိုင်း အစ္စလာမ်ဘာသာဝင်တွေရဲ့ ရမ္မဒန် ဥပုသ်ကာလအတွင်း တရားဝင်ခွင့်ပြုသတ်မှတ်ထားတဲ့ ဝတ်ပြု ဆုတောင်းတဲ့နေရာတခုကို လူအင်အား ၁၀၀ ကျော်လောက်က မေလ ၁၅ ရက်က ဝင်ရောက်တားဆီးခဲ့တဲ့အတွက် ဝတ်ပြု ဆုတောင်း တာတွေကို ယာယီရပ်ဆိုင်းခဲ့ရပါတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ ဥပုဒ်အပြီးဝတ်ပြု ဆုတောင်းမှုတွေကို သက်ဆိုင်ရာ မြို့နယ် အာဏာပိုင်တွေက အဲဒီနေရာမှာ ပြန်လည် ခွင့်ပြုလိုက်တယ်လို့သိရပြီး ရဲ လုံခြုံရေးအစောင့်အကြပ်တွေပါ ချထားပေးမယ်လို့ အာဏာပိုင်တွေက အာမခံတဲ့အကြောင်း သိရပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုဇော်ထက် သတင်းပေးပို့ ထားပါတယ်။

အစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမ္မဒန် ဥပုသ်ကာလအတွင်းမှာ ဖြစ်သွားတဲ့အဖြစ်အပျက်မို့ အလားတူ ဘာသာရေး လူမျိုးရေးအဓိကရုဏ်း ဖြစ်အောင်လှုံ့ဆော်မှုတွေ တိုးလာမှာ စိုးရိမ်မှုတွေ တွေ့ရပါတယ်။ ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး နိုင်ငံတကာမှာ ဝေဖန်ခံနေရတဲ့ မြန်မာနိုင်ငံအတွက် ထပ်ပြီး ပုံရိပ်ကျဆင်းမယ့်ကိစ္စဆိုပြီးတော့လည်း လူမှုကွန်ယက်တွေမှာ ရေးသားဝေဖန်နေကြပါတယ်။

ဒဂုံမြို့သစ်တောင်ပိုင်း ၁၀၆ ရပ်ကွက်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရခွင့်ပြုထားတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝတ်ပြုဆုတောင်းရာ နေရာကို ရဟန်းတချို့နဲ့ လူအယောက် ၁၀၀ ကျော်လောက်က မေလ ၁၅ ရက် ညပိုင်းက အကြမ်းဖက် အင်အားသုံး ပိတ်ပင် တားဆီးခဲ့ တာကြောင့် မြို့နယ်အာဏာပိုင်တွေက ဒီဝတ်ပြုတဲ့နေရာကို ယာယီပိတ်ထား လိုက်ရပါတယ်။ ရန်ကုန်တိုင်းအစိုးရက ဒီကိစ္စနဲ့ပတ်သက်လို့ တုန့်ပြန်တာမရှိသေးပါဘူး။ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကတော့ မကြာခင် သတင်းထုတ်ပြန်မယ် လို့ ပဲ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ သတင်းထုတ်ပြန်ပေးမယ့် အစီအစဉ်တွေ ရှိလာနိုင်ပါတယ်ခင်ဗျ။ ကျနော်တို့ ဝဘ်ဆိုက်နဲ့ ဖေ့စ်ဘွတ်မှာစောင့်ကြည့်နေလိုက်၊ ကျနော်တို့ သတင်းထုတ်ပြန်ပေးမယ့် အစီအစဉ်တွေရှိလာမှာပါခင်ဗျ။”

ဝတ်ပြုဖို့နေရာကို အစိုးရရဲ့ တရားဝင်ခွင့်ပြုချက်ရထားပေမယ့် မျိုးချစ်တွေဆိုပြီး အမည်ခံ တဲ့ လူအုပ်စုက တုတ်၊ ဓါးကိုင်ဆာင်ပြီး နှောင့်ယှက်ခဲ့တာ ဖြစ်ပါတယ်။ အကြောင်းပြချက် တိတိကျကျ မပေးပဲ၊ အစ္စလာမ်ဘာသာဝင်တွေ အခုလို စုပြီး ဝင်ပြုတာကို ခွင့်မပြုနိုင်ဘူး ဆိုပြီး ခြိမ်းခြောက်ခဲ့ကြတာပါ။

နယ်မြေငြိမ်းချမ်းအောင် အထက်ပိုင်းအာဏာပိုင်အဖွဲ့ရဲ့ ခွင့်ပြုချက်မရမချင်း ဝတ်မပြုဖို့ နယ်မြေအာဏာပိုင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ ညှိနှိုင်းမှုယူထားပါတယ်။ မြန်မာနိုင်ငံရဲ့ ဘာသာရေး လူမျိုးရေးကိစ္စတွေနဲ့ပတ်သက်လို့ နိုင်ငံတကာမှာ ပုံရိပ် ပြန်ကောင်းအောင် ကြိုးစားနေတဲ့ အချိန်မှာ ဒီလိုအဖွဲ့အစည်းလူတစုရဲ့ လုပ်ရပ်ဟာ နိုင်ငံ့အတွက်၊ သာသနာအတွက်ပါ ညှိုးငယ်စရာဖြစ်နိုင်ကြောင်း ဘာသာပေါင်းစုံ ငြိမ်း ချမ်းရေး ငြိမ်းချမ်းမေတ္တာရဲ့ အမြုတေအဖွဲ့ဝင် ဦးအေးလွင်က ပြောပါတယ်။

“တိုက်ခိုက်တဲ့ အဓမ္မဝါဒီတွေက အစ္စလာမ်ကို တိုက်နေတာမဟုတ်ပါဘူးခင်ဗျ။ သူတို့က အစိုးရပြုတ်ကျရေးလုပ်နေတဲ့ ဘာသာရေးကို လူမျိုးရေး အတွက် အသုံးချနေတဲ့ လူတွေဖြစ်ပါတယ်။ ကျနော်တို့က စနက်တံအဖြစ် အသုံးချခံရတာဖြစ်ပါတယ်။”

နိုင်ငံမှာ ငြိမ်းချမ်းရေးရှိဖို့ဆိုရင် အောက်ခြေပြည်သူတွေကြား ဘာသာပေါင်းစုံကြား ညီညွှတ်မှုရှိမှပဲ ဒီမိုကရေစီစနစ်ကိုသွားနိုင်မှာဖြစ်ကြောင်း အင်ကြင်းမေ ဟိန္ဒူအမျိုးသမီး ကွန်ရက်က ဒေါ်ကတ်သလင်းသိန်းက အခုလိုပြောပါတယ်။

“ခံစားမိတာတခုကတော့ တဘာသာနဲ့ တဘာသာ ညီညွတ်ဖို့လည်း အရေးကြီးတယ်။ ကျမတို့ ငြိမ်းချမ်းရေးဖိုရမ်တွေ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးဖိုရမ်တွေ ဘယ်လောက်ပဲ လုပ်လုပ်ပေါ့နော်။ အောက်ခြေမှာရှိတဲ့ သာမန်လူတန်းစားတွေ ညီညွှတ်မှပဲ အဆင်ပြေမှပဲ ကျမတို့ တကယ့်နိုင်ငံရေးမှာ ကျမတို့လိုချင်တဲ့ ဒီမိုကရေစီကို အမှန်တကယ်ကို ရရှိမယ်ပေါ့။”

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရဘက်တော့ တုံ့ပြန်မှုမရှိသေးပါဘူး။ ဒဂုံမြို့ သစ် တောင်ပိုင်းမှာ အစ္စလာမ်ဘာသာဝင် ၁၆,၀၀၀ ကျော် ရှိတယ်လို့သိရပြီး အခုနှစ် ရာမ္မဒန်ဥပုသ်လအတွက် ဝတ်ပြုဆုတောင်းဖို့နေရာ ၁၅ နေရာ ခွင့်ပြုဖို့ အာဏာပိုင်တွေကို တောင်းခံခဲ့တာလို့ သိရပါတယ်။ ဒါပေမယ့် သုံးနေရာပဲ ရန်ကုန်တိုင်းအစိုးရက ခွင့်ပြုပေး ခဲ့ပြီး မနေ့ညကနဲ့ တနေ့ညက လူအုပ်နဲ့အခုလို နှောင့်ယှက်တာ တွေ ကြောင့် သုံးနေရာ လုံးကို ယာယီပိတ်ထားရတယ်လို့ အစ္စလာမ်သာသာရေးရာကောင်စီ အတွင်းရေးမှူး ဦးဝဏ္ဏရွှေက ဗွီအိုအေကို ပြောပါတယ်။ ဒါပေမယ့်လည်း အခု နောက်ဆုံးအခြေအနေ အရတော့ ဒီနေရာသုံးခုလုံးမှာ ပြန်လည်ဝတ်ပြုခွင့်ပြုပြီး ရဲလုံခြုံရေး ချထားပေးမယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက နှုတ်အားဖြင့် အကြောင်းကြားလာတယ်လို့ ဦးအေးလွင်က ဗွီအိုအေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG