သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် ဗလီကျောင်းမီးလောင် ကလေး ၁၃ ဦးသေဆုံး


ရန်ကုန် ၄၈ လမ်း ဗလီကျောင်းမီးလောင်မှုအတွင်း သေဆုံး ခဲ့တဲ့ အလောင်းတွေကို သယ်ဆောင်နေစဉ် (၂ ဧပြီ ၂၀၁၃)
ရန်ကုန် ၄၈ လမ်း ဗလီကျောင်းမီးလောင်မှုအတွင်း သေဆုံး ခဲ့တဲ့ အလောင်းတွေကို သယ်ဆောင်နေစဉ် (၂ ဧပြီ ၂၀၁၃)
အင်္ဂါနေ့ မနက်ပိုင်း ၃ နာရီဝန်းကျင်မှာ ရန်ကုန် ၄၈ လမ်း အထက်ဘလောက်မှာရှိတဲ့ အစ္စလာမ် ဘာသာရေး စာသင်ကျောင်းတခုမှာ မီးလောင်မှုကြောင့် ကလေး ၁၀ ဦးကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ညအချိန် မီးလောင်တာကြောင့်ရော၊ ဘာသာရေး တင်းမာမှုတွေရှိချိန် ဘာသာရေး စာသင်ကျောင်းမှာ မီးလောင်တာကြောင့်ရော ပတ်ဝန်းကျင်မှာ လှုပ်လှုပ်ရှားရှား စိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခြေအနေတွေ တည်တည်ငြိမ်ငြိမ် ထိန်းထားနိုင် ခဲ့တယ်လို့ ဗိုလ်တထောင်မြို့နယ် ရဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

“၄၈ လမ်း။ ၁၀ ရပ်ကွက်မှာပါခင်ဗျ။”

မေး။ ။ မူဆလင်စာသင်ကျောင်းလို့ ပြောပါတယ်။ ဟုတ်လားခင်ဗျ။
“ဟုတ်ကဲ့ ဗလီနဲ့ စာသင်ကျောင်း တွဲလျက်ပါခင်ဗျ။ မီးလောင်တာက ခဏလေးပါခင်ဗျ။ မကြာပါဘူးခင်ဗျ။ ငြိမ်းသွားပါပြီခင်ဗျ။”

မေး။ ။ ဟုတ်ကဲ့ ဘာကြောင့်မီးလောင်တာလဲခင်ဗျ။ ဘာကြောင့်ဖြစ်တယ်လို့ သိရပါလဲ။
“မီးအားမြှင့်စက်ကနေ ဝါယာရှော့ဖြစ်ပြီး မီးလောင်တာပါ။ မီးအားမြှင့်စက် အပူရှိန်လွန်ပြီးတော့ ဖြစ်သွားတာပါခင်ဗျ။”

မေး။ ။ လူ အသေအပျောက်ရှိတယ်လို့ သိရပါတယ်။
“ကျနော်တို့ အဲ့ဒါကတော့ စာရင်းက စိစစ်နေတုန်းပဲခင်ဗျ။”

မီးလောင်တဲ့ စာသင်ကျောင်းမှာ မိဘမဲ့ကလေးငယ် ၄၀ ကျော်ရှိတယ်လို့ သိရပါတယ်။ တိုက်လှေကားမှာရှိတဲ့ မီးအားမြှင့်စက်ကနေ စတင် လောင်ကျွမ်းတာကြောင့် ကလေးတချို့ ပိတ်မိပြီး သေဆုံးခဲ့ကြတာလို့ တာဝန်ကျ မီးသတ်အရာရှိတဦးက အဲ့ဒီ ဖြစ်ပျက်တဲ့နေရာမှာပဲ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ဒီတံခါးကို ဖွင့်လိုက်တဲ့အချိန်မှာ ဒီမှာရှိနေတဲ့ ကလေးတွေက ဆင်းပြေးလာတယ်။ အဲ့တော့ အားလုံးပေါင်းက ၅၀ ကျော် ၆၀ လောက်ရှိတယ်။ ကျနော်တို့က အောက်ကို ငြိမ်းပြီးတော့မှ အပေါ်တက်တဲ့အခါမှာ အလောင်းတွေကို တွေ့တယ်။ လောင်တဲ့ အကြောင်းရင်းကတော့ ဘာကြောင့်လဲဆိုရင် အောက်ထပ်မှာရှိတဲ့ လှေကားနားမှာ မီးအားမြှင့်စက်ရှိတယ်။ အဲ့ဒီမီးအားမြှင့်စက်ကနေ စပြီးတော့ လောင်တာ။ အဲ့ဒီကနေ မီးအများဆုံးလောင်ထားပြီးတော့ အဲ့ဒီကနေပြီးတော့မှ လှေကားပေါက်ကို ပိတ်နေ ပြီးတော့မှ ကလေးတွေက ဆင်းပြေးလို့ မရဘဲနဲ့ အဲ့ဒီမှာ ပိတ်မိပြီးတော့ သေဆုံးရ တာပါ။ သေဆုံးတာကတော့ အခုလောလောဆယ် ၁၃ ယောက်။ ဒဏ်ရာရတာတော့ မသိသေးဘူး။”

အသေအပျောက် စာရင်းနဲ့ပတ်သက်လို့ အတိအကျကိုတော့ ရန်ကုန်ဆေးရုံကြီးကို ဆက်သွယ်လို့ မရသေးပါဘူး။ မီးဟာလည်း နာရီဝက်လောက်ပဲ လောင်ကျွမ်းခဲ့တာ
ကြောင့် ဘေးကို ကူးစက်မှု မရှိခဲ့ပါဘူး။ ဘာသာရေး တင်းမာမှုတွေ ဖြစ်နေချိန်မှာ၊ အခုလို လောင်မီးကြောင့် အခြေအနေတွေ ဆိုးလာမှာကိုတော့ မြို့ခံတွေက စိုးရိမ်နေကြပါတယ်။
XS
SM
MD
LG