သုံးရလွယ်ကူစေသည့် Link များ

ဆီးရီးယားနိုင်ငံက ရှေးဟောင်းမြို့တမြို့ဖြစ်တဲ့ Palmyra ကို အစိုးရတပ်တွေ လက်ကနေ IS စစ်သွေးကြွတွေ သိမ်းပိုက်လိုက်ပြီး နာရီပိုင်း အတွင်းမှာပဲ မြို့တွင်းမှာရှိတဲ့ ရောမခေတ်က နာမည်ကျော် ရှေးဟောင်း အမွေအနှစ်တွေ ရှိရာ နေရာတွေကို ထိန်းချုပ်လိုက်ကြတဲ့အကြောင်း ဆီးရီးယား အရေး စောင့်ကြည့်နေတဲ့ အဖွဲ့တဖွဲ့က ပြောပါတယ်။

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ရှေးဟောင်းအမွေအနှစ်အဖြစ် အသိအမှတ်ပြုထားတဲ့ သက်တမ်း ၂ ထောင်ကျော် ရှေးမြို့ဟောင်းကိုတော့ စစ်သွေးကြွတွေ မနေ့နှောင်းပိုင်းကပဲ သိမ်းပိုက်လိုက်တာလို့လည်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့် အကဲခတ်အဖွဲ့က ပြောဆိုခဲ့တာပါ။

လတ်တလောမှာတော့ ရှေးဟောင်းလက်ရာတွေ ထိခိုက်ပျက်စီးတယ်ဆိုတဲ့ သတင်းတွေတော့ မကြားရသေးပါဘူး။ ဒါပေမဲ့လည်း IS စစ်သွေးကြွတွေကတော့ ရှေးဟောင်းလက်ရာတွေဟာ အစ္စလာမ်ဘာသာနဲ့ မကိုက်ညီတဲ့ ယုံကြည်မှုတွေအဖြစ် ပြစ်တင်ရှုတ်ချပြီး ထိုးစစ်ဆင်တိုက်ခိုက်ရာ လမ်းတလျှောက် လုယက်ဖျက်ဆီးတာတွေ လုပ်ခဲ့ဖူးပါတယ်။

ဆီးရီးယား ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဌာန ညွှန်ကြားရေးမှူး Maamoun Abdulkarim ကတော့ စစ်သွေးကြွတွေ မြို့ကို မသိမ်းခင်မှာ ရှေးဟောင်းရုပ်တု ရာပေါင်းများစွာကို ကြိုတင်ပြောင်းရွှေ့ ထားတယ်လို့ ဆိုပေမဲ့ တခြား ရှေးဟောင်းအမွေအနှစ် လက်ရာတွေကတော့ ကြီးမားလွန်းတဲ့အတွက် မရွှေ့ပြောင်း နိုင်ခဲ့ဘူးလို့လည်း ပြောပါတယ်။

Palmyra ရှေးဟောင်းမြို့ကို အကြမ်းဖက် တိုက်ခိုက်တဲ့ လုပ်ရပ်ဟာ ဆီးရီးယား လူ့အသိုင်းအ၀ိုင်းနဲ့ ယဉ်ကျေးမှုကို လက်စားချေ တုန့်ပြန်ရာရောက် သလို၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ အကာအကွယ်ေးပဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း ဆီးရီးယားနိုင်ငံပိုင် SANA သတင်းဌာနကို ပြောကြားခဲ့တာပါ။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ Marie Harf ကတော့ Palmyra မြို့က ရှေးဟောင်း အမွေအနှစ်တွေ ထိခိုက်ပျက်စီးမှာကို အမေရိကန် တာဝန်ရှိသူတွေ စိုးရိမ်နေတဲ့အကြောင်း မနေ့တုန်းကပဲ ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG