သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် စစ်ဆင်ရေး အောင်မြင်လို့ အစ္စရေးပြော


 အစ္စရေး တိုက်ခိုက်မှုခံရတဲ့ အီရန်နိုင်ငံမြို့တော် တဟီရန်
အစ္စရေး တိုက်ခိုက်မှုခံရတဲ့ အီရန်နိုင်ငံမြို့တော် တဟီရန်

အီရန်က စစ်ရေးပစ်မှတ်တွေအပေါ် အတိအကျ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။ စနေနေ့ မနက် ၂ နာရီခွဲလောက်မှာ တိုက်ခိုက်မှုတွေကြောင့် တဟီရန်မြို့တော်အထိ ပေါက်ကွဲသံတွေကြားခဲ့ကြရပါတယ်။ တပြိုင်နက် တိုက်ခိုက်မှုတွေအတွင်း Missile ဒုံးထုတ်လုပ်တဲ့ နေရာတွေ၊ မြေပြင်က ဝေဟင်ဒုံးပစ်စနစ်တွေနဲ့ တခြားလေကြောင်းကနေ တိုက်ခိုက်နိုင်တဲ့ လက်နက်စနစ်တွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၁ ရက်က အစ္စရေးနိုင်ငံအပေါ် အီရန်က Missile ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တိုက်ခိုက်တာဖြစ်ကြောင်းနဲ့ လေကြောင်းစစ်ဆင်ရေးကို အောင်မြင်စွာ အပြီးသတ်လုပ်နိုင်ခဲ့ပြီး အစ္စရေးစစ်လေယာဉ်တွေ ဘေးကင်းစွာ ပြန်ရောက်လာကြပြီလို့ ပြောပါတယ်။

တဟီရန်၊ Khuzestan နဲ့ Ilam ဒေသတွေက စစ်စခန်းတွေ တိုက်ခိုက်ခံရတယ်ဆိုတာ အီရန်လေတပ်က အတည်ပြုခဲ့ပေမဲ့ ထိခိုက်မှု အနည်းအကျဉ်းသာ ရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်သား ၂ ယောက်သေဆုံးခဲ့တယ်လို့တော့ အီရန်စစ်တပ်က ပြောပါတယ်။ အီရန်အနေနဲ့ ကိုယ့်နိုင်ငံကို ကာကွယ်ရမယ့် တာဝန်ရှိတယ်လို့ အီရန်နိုင်ငံခြားရေးဌာနက တုံ့ပြန်ထားပါတယ်။

အီရန်အပေါ် တိုက်ခိုက်မယ်ဆိုတာ အမေရိကန်က ကြိုတင်သိရှိကြောင်းနဲ့ အမေရိကန် ပါဝင်မှုမရှိကြောင်း အမေရိကန်ကာကွယ်ရေး တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ အီရန် စစ်တပ်ပစ်မှတ်တွေအပေါ် တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant နဲ့ ဆက်သွယ်ပြောခဲ့ကြောင်းနဲ့ အစ္စရေးလုံခြုံရေးနဲ့ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ခွင့်ရှိတဲ့အပေါ် အမေရိကန်က ထောက်ခံကြောင်း ကာကွယ်ရေးဝန်ကြီး Lloyd J. Austin က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အီရန်က ရေနံထုတ်လုပ်တဲ့နေရာတွေ၊ Nuclear စက်ရုံတွေကို မတိုက်ဖို့ အစ္စရေး အမေရိကန်အစိုးရက အစောပိုင်းက တိုက်တွန်းထားပါတယ်။

အခုလို အစ္စရေးက တိုက်ခိုက်ခဲ့ပြီးနောက် အခြေအနေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer က ပြောကြားပြီး အီရန်ကိုလည်း လက် မတုံ့ပြန်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အပြန်အလှန် တိုက်ခိုက်မှုတွေ မဖြစ်အောင် ထိန်းပါလို့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz ကလည်း အီရန်ကို တောင်းဆိုခဲ့ပါတယ်။ ဆော်ဒီအာရေဗျနဲ့ ဘာရိန်းနိုင်ငံတို့ကတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုအပေါ် အပြစ်တင်ခဲ့ကြပါတယ်။

Forum

XS
SM
MD
LG