ဂါဇာကမ်းမြှောင်ဒေသကို ပို့ဆောင်နေတဲ့ ကုန်ပစ္စည်းတွေနဲ့ အထောက်အပံ့တွေအားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း အစ္စရေးက ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။ အပစ်အခတ် ရပ်စဲရေး ပထမအဆင့်ကို သက်တမ်းတိုးဖို့ အဆိုပြုချက်အသစ်ကို အမေရိကန်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ ဟားမတ်စ်အဖွဲ့က လက်မခံရင် နောက်ထပ်အကျိုးဆက်တွေ ကြုံရမယ်လို့လည်း သတိပေးခဲ့တာပါ။
ဟားမတ်စ်အဖွဲ့ကတော့ အစ္စရေးက အပစ်အခတ်ရပ်စဲရေး ပျက်ပြားအောင် ကြိုးပမ်းနေကြောင်း စွပ်စွဲလိုက်သလို၊ အကူအညီတွေ ပေးပို့နေတာကို ဖြတ်တောက်တာဟာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို "အဆင့်အတန်းနိမ့်တဲ့ အကျပ်ကိုင်လုပ်ရပ်၊ စစ်ရာဇဝတ်မှုနဲ့ တိုက်ခိုက်မှု" အဖြစ် သုံးနှုန်းပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့လည်း နစ်ဘက်စလုံးက အပစ်အခတ် ရပ်စဲရေး ရပ်ဆိုင်းကြောင်း ပြောတာမျိုးတော့ မရှိသေးပါဘူး။ စာနာမှုအကူအညီတွေ တိုးမြှင့်ပေးအပ်မယ့် အစီအစဉ်အပါအဝင် အပစ်အခတ်ရပ်စဲရေး ပထမတဆင့်ကတော့ စနေနေ့ကပဲ သက်တမ်းကုန်ဆုံးခဲ့တာပါ။ ဟားမတ်စ်တွေ ဖမ်းဆီးထားတဲ့ ဒါဇင်နဲ့ချီတဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးပြီး၊ အပြန်အလှန်အနေနဲ့ အစ္စရေးက တပ်တွေပြန်ဆုတ်ခွာပြီး ရေရှည်ခံမယ့် အပစ်အခတ် ရပ်စဲရေးရဖို့ ရည်ရွယ်ထားတဲ့ ဒုတိယအဆင့် သဘောတူညီချက်ကိုတော့ နှစ်ဘက်အကြား အခုအထိ မညှိနှိုင်းရသေးပါဘူး။
အမည်မဖော်လိုတဲ့ အစ္စရေးအစိုးရတာဝန်ရှိသူ တယောက်ကတော့ ဂါဇာဒေသကို အကူအညီတွေ ဖြတ်တောက်ဖို့ ဆုံးဖြတ်ချက်ဟာ အမေရိကန်သမ္မတ Donald Trump အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တာလို့ ပြောဆိုထားပါတယ်။
Forum