သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး ကာကွယ်ရေးဝန်ကြီး ဝါရှင်တန်ခရီးစဉ် စတင်


အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant
အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant

အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant ဟာ ဂါဇာစစ်ဆင်ရေး နောက်တဆင့်တက်မယ့် အစီအစဉ်နဲ့ ပဋိပက္ခတွေ ကျယ်ပြန့်လာမှာ စိုးရိမ်နေချိန် Hezbollah စစ်သွေးကြွတွေနဲ့ လက်ဘနွန်နယ်စပ်မှာ တိုက်ခိုက်မှုတွေ ကြီးထွားလာနေတဲ့ ကိစ္စတွေကို ဝါရှင်တန်မှာ ဆွေးနွေးဖို့ ဒီကနေ့ပဲ အစ္စရေးက ထွက်ခွာလာပါတယ်။

လွန်ခဲ့တဲ့ ၈ လ ဂါဇာစစ်ပွဲ စချိန်ကတည်းက အီရန်က အားပေးထောက်ခံထားတဲ့ Hezbollah တွေနဲ့ အစ္စရေး အပြန်အလှန် ပစ်ခတ်မှုတွေ ပေါ်ပေါက်နေတာပါ။ ဂါဇာ၊ လက်ဘနွန်နဲ့ တခြားဒေသတွေမှာ လိုအပ်သလို အရေးယူဆောင်ရွက်ဖို့ ပြင်ဆင်ထားကြောင်း ဝါရှင်တန်ခရီးစဉ် မတိုင်ခင်မှာ အစ္စရေးကာကွယ်ရေးဝန်ကြီးက ကြေညာချက်ထုတ်ပြန် ပြောဆိုထားပါတယ်။

ဝါရှင်တန် ခရီးစဉ်မှာတော့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin, နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့နဲ့ တွေ့ဆုံမှာပါ။ အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် Hezbollah အဖွဲ့က တပ်မှူးတယောက် သေဆုံးခဲ့တဲ့ ဇွန်လဆန်းတုန်းက အစ္စရေးမြို့တွေ၊ စစ်ဖက်ဆိုင်ရာ ပစ်မှတ်တွေကို Hezbollah အဖွဲ့က ရော့ကတ်တွေ၊ ဒရုန်းတွေနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့ပါတယ်။

တင်းမာမှုတွေ ကြီးထွားလာနေတာကို လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး အမေရိကန် အထူးကိုယ်စားလှယ် Amos Hochstein ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ လက်ဘနွန်နဲ့ အစ္စရေးကို သွားရောက်ခဲ့ပါတယ်။

Forum

XS
SM
MD
LG