ပြီးခဲ့တဲ့ ကြာသပတေးနေ့က အစ္စရေးတောင်ပိုင်းကို ၀င်ရောက်ပြီး သေနတ်သမားတွေက ခြုံခိုတိုက်ခိုက် ခဲ့တာကြောင့် အစ္စရေးစစ်သား ၈ ဦးသေဆုံးခဲ့ရတာကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေး-အီဂျစ် နယ်စပ်တလျှောက် Sinai ကျွန်းဆွယ်ပေါ်မှာ စစ်သွေးကြွတွေကို အစ္စရေးစစ်တပ်က သောကြာနေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ အီဂျစ်လုံခြုံရေး အရာရှိတွေ သေဆုံးခဲ့ရတာကို အီဂျစ်က ကန့်ကွက်ပြီးတော့ Tel Aviv မြို့တော်က အီဂျစ်သံအမတ်ကြီးကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။
အခုအဖြစ်အပျက်အတွက် အစ္စရေးဘက်က စုံစမ်းစစ်ဆေးမှုတွေရဲ့ ရလဒ်ထွက်လာတဲ့အထိ အီဂျစ်သံအမတ်ကြီးဟာ အစ္စရေးကို ပြန်မှာမဟုတ်ဘူးလို့ အီဂျစ်အစိုးရ၀န်ကြီးအဖွဲ့က ပြောပါတယ်။ အစ္စရေးခေါင်းဆောင်တွေ အနေနဲ့ အီဂျစ်နိုင်ငံကို အလျင်အမြန် တောင်းပန်ဖို့ကိုလည်း အစိုးရ၀န်ကြီးအဖွဲ့က လိုလားနေပါတယ်။
အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် အီဂျစ်လုံခြုံရေးအရာရှိ ၅ ဦး သေဆုံးခဲ့ရတာကို အီဂျစ်က တရားဝင် ကန့်ကွက်မှုကိုလည်း သောကြာနေ့က အစ္စရေးအစိုးရဆီကို အကြောင်းကြားထားပါတယ်။ သောကြာနေ့ကပဲ ကိုင်ရိုမြို့တော်က အစ္စရေးသံရုံးရှေ့မှာ ရာပေါင်းများစွာသော အီဂျစ်နိုင်ငံသားတွေ သွားရောက် ဆန္ဒပြခဲ့ကြပြီးတော့ အစ္စရေးသံအမတ်အနေနဲ့ အီဂျစ်ကနေ ထွက်ခွာသွားဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။
အစ္စရေးကိုလာရောက်တိုက်ခိုက်သူ မည်သူမဆို တန်ဖိုးကြီးကြီး ပြန်ပြီးပေးဆပ်ကြရမယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နာတာယာဟူးက ကြာသပတေးနေ့က ရုပ်သံလွှင့်မိန့်ခွန်းမှာ သတိပေး ပြောကြားခဲ့ပါတယ်။ ကြာသပတေးနေ့က အစ္စရေးရဲ့ မြေပြင်တပ်ဖွဲ့နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အစ္စရေးဟာ လူ ၉ ဦးကို သုတ်သင်နိုင်ခဲ့ပြီးတော့ အဲဒီအထဲက အနည်းဆုံး ၄ ဦးဟာ PRC ပါလက်စတိုင်းစစ်သွေးကြွ အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။