သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလ် ရွေးကောက်ပွဲ အကြိတ်အနယ်


အစ္စရေးလ်ဝန်ကြီးချုပ် ရွေးကောက်ပွဲမှာ မဲပေးပြီး ပြန်ထွက်လာသူတွေထံက အစ္စရေးလ် ရုပ်မြင်သံကြား သတင်းဌာနတွေက ကောက်ယူထားတဲ့ စစ်တမ်းတွေအရ ဘယ်သူနိုင်မယ်ဆိုတာ အတတ် မပြောနိုင်သေးဘူးလို့ ပြောဆိုနေတဲ့ အချိန်မှာပဲ ကိုယ်စားလှယ်လောင်း ၂ ယောက်စလုံးက သူတို့ အနိုင်ရပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်လိမ့်မယ်လို့ ခန့်မှန်း ပြောဆိုနေကြပါတယ်။

လေးကြိမ်မြောက် ဝန်ကြီးချုပ်အဖြစ် ပြန်လည် ရွေးကောက်ခံရဖို့ ကြိုးစားနေတဲ့ ဝန်ကြီးချုပ် Benjamin Netanyahu ကတော့ အခက်အခဲ အကျပ်အတည်းတွေကြားကပဲ သူ့ရဲ့ Likud ပါတီ ရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ Facebook လူမှုကွန်ယက်နေ ရေးသား ပြောဆိုလိုက်ပါတယ်။

နောက်ဆုံး ရလဒ်တွေ ထွက်မလာခင်အထိ ဘယ်သူမဆို အနိုင်ရနိုင်တဲ့ အလားအလာ ရှိတယ်လို့ လက်ဝဲယိမ်း Zionist Union ညွန့်ပေါင်းပါတီခေါင်းဆောင် Isaac Herzog က ပြောပါတယ်။ ဒါပေမဲ့ ဘယ်လို အစိုးရမျိုး ဖွဲ့မယ်ဆိုတာကို မသိနိုင်ခင် ဘယ်ပါတီတွေက ဘယ်နေရာတွေမှာ အနိုင်ရတယ်ဆိုတာကို သူ့အနေနဲ့ အရင် သိရှိဖို့လိုကြောင်း သူက ပြောပါတယ်။

ပါတီကြီး ၂ ခုစလုံးက သူတို့နိုင်မယ်လို့ ခန့်မှန်းထားတဲ့ အမတ်နေရာ အရေအတွက်ထက် ပိုနိုင်ဖို့ ကိန်းရှိတယ်လို့ ဆိုပါတယ်။

အမတ်နေရာ ၆၁ နေရာရှိတဲ့ လွှတ်တော်အတွက် အဓိက ပါတီကြီး ၂ ခုစလုံးထဲက အစိုးရဖွဲ့နိုင်တဲ့အထိ အများစု အနိုင်ရခြေ မရှိတာကြောင့် ညွန့်ပေါင်းအစိုးရ ဖွဲ့ရေးအတွက် ရည်ရွယ်ပြီး ကိုယ်စားလှယ်လောင်း ၂ ယောက်စလုံးက နောက်ဆုံးအချိန်တွေမှာ ပါတီငယ်လေးတွေကို လိုက်လံ စည်းရုံးနေကြပါတယ်။

အဲဒီအထဲမှာ ကွန်မြူနစ်ပါတီ၊ ရှေးရိုးစွဲ Orthodox Jew ပါတီ၊ ညီညွတ်သော အာရပ် လူမျိုးစု ညွန့်ပေါင်းအဖွဲ့လည်း ပါဝင်ပါတယ်။ ဒီရွေးကောက်ပွဲမှာ အာရပ်လူမျိုးစုတွေရဲ့ ပါတီငယ် ၄ ခုပါ ဝင်ရောက် ယှဉ်ပြိုင်တာမို့ ညွန့်ပေါင်း အစိုးရဖွဲ့မယ်ဆိုရင် သူတို့က အခရာ ကျလာနိုင်ပါတယ်။

XS
SM
MD
LG