နိုင်ငံတကာ မီးသတ်တပ်ဖွဲ့တွေက အစ္စရေးမှာဖြစ်နေတဲ့ နိုင်ငံရဲ့အဆိုးရွားဆုံး တောမီးလောင်မှုကြီးကြောင့် ငြိမ်းသတ်နိုင်ဖို့အတွက် တတိယနေ့အနေနဲ့ ဆက်ပြီး အကူအညီပေးနေကြပါတယ်။ ဒီတောမီးဟာ နိုင်ငံမြောက်ပိုင်း ဆိပ်ကမ်းမြို့ ဟိုက်ဖာ နားမှာ ထိန်းမနိုင်သိမ်းမရ လောင်နေတယ်လို့ ရဲတွေက ပြောပါတယ်။ ဒီ မီး ဘာကြောင့်ဖြစ်ရလဲဆိုတာကို စုံစမ်းခဲ့ရမှာတော့ ပေါ့ဆမှုကြောင့်ဖြစ်ရတယ်၊ ဂရုမစိုက်မှုကြောင့် ဖြစ်ရတယ်လို့ လက်ရှိ စုံစမ်းမှုတွေက ပြောနေပါတယ်။ ဒါပေမဲ့ စုံစမ်းမှုတွေကို ဆက်လက် လုပ်နေဆဲ ဖြစ်ပါတယ်။
ဒီ မီးလောင်မှုမှာ လူ ၄၁ ဦး သေဆုံးခဲ့ရပြီး ထောင်နဲ့ချီတဲ့သူတွေ ရွှေ့ပြောင်းခဲ့ကြရပါတယ်။ အစ္စရေးတို့က နိုင်ငံတကာ အသိုင်းအဝိုင်းတွေအနေနဲ့ ဝိုင်းကူညီကြဖို့ တောင်းဆိုထားပါတယ်။ ရုရှားနိုင်ငံက လေယာဉ်တစီးနဲ့ မီးလောင်တဲ့နေရာမှာ ရေတွေအများကြီး ဖြန်းချပေးနေပါတယ်။ အမေရိကန်၊ ပြင်သစ်နဲ့ ဗြိတိန်တို့ကလည်း လေယာဉ်တွေသုံးပြီး မီးကို ဝိုင်းသတ်ပေးနေကြပါတယ်။
အရှေ့အလယ်ပိုင်း အိမ်နီးနားချင်းတွေဖြစ်တဲ့ ဂျော်ဒန်နဲ့ အီဂျစ်တို့ကလည်း မီးငြိမ်းသက်ရေး ကိရိယာတွေကို ဝိုင်းပို့ပေးနေပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း အကူအညီတွေကို ကမ်းလှမ်းထားပါတယ်။ အစ္စရေးက အဇာဘိုင်ဂျန်၊ ခရိုအေးရှ၊ ဂျော်ဒန်၊ ရိုမေးနီးယား၊ စပိန် နဲ့ တူရကီတို့ကနေ အကူအညီတွေ ပေးဖို့ ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။
အများစု မီးဒဏ်ခံရသူတွေက ထောင်စောင့်အရာရှိတွေ ဖြစ်ပါတယ်။ သူတို့က ထောင်သားတွေကို ကူညီဖို့သွားရင်းနဲ့ မီးထဲမှာ ပိတ်မိခဲ့ကြတာ ဖြစ်ပါတယ်။ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နာတာရာဟူးကတော့ ဒီတောမီးဟာ မကြုံဖူးလောက်အောင် ကြီးမားတဲ့ နိုင်ငံတဝှမ်း သဘာဝဘေးဒုက္ခကြီး ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ အမေရိကန်သမ္မတ ဘရက်အိုဘားမားကလည်း မီးဒဏ်ခံရတဲ့ မိသားစုတွေအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။