ဂါဇာကမ်းမြောင်ဒေသကို အကူအညီ အထောက်အပံ့တွေ ပေးအပ်ဖို့ သွားရောက်ကြသူ တက်ကြွလှုပ်ရှားသူတွေ လိုက်ပါလာတဲ့ သင်္ဘော ၆ စင်းကို အစ္စရေးလ်ရေတပ်က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့လို့ လိုက်ပါလာသူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
အစ္စရေးလ် ကွန်မန်ဒို အထူးတပ်ဖွဲ့ဝင်တွေက ရေယာဉ်တန်းကို ညအချိန်မှာပဲ ရဟတ်ယာဉ်တွေနဲ့ ဝင်ရောက်စီးနင်းပြီး အနည်းဆုံး သင်္ဘောတစင်း ပေါ်မှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကတော့ လူပေါင်း ၃၀ ထက်မနည်းဟာ ဆိုရင်လည်း ထိခိုက် ဒဏ်ရာတွေ ရခဲ့တယ်လို့ ပြောပါတယ်။
အစ္စရေးလ် စစ်တပ်ဘက်ကတော့ တက်ကြွလှုပ်ရှားသူတွေက ကွန်မန်ဒိုတပ်ဖွဲ့တွေကို ဓားတွေ၊ ကျောက်ခဲတွေ၊ ပိုက်လုံးတွေအပြင် သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ပြောခဲ့တာပါ။ ဒီနောက် စစ်သားတယောက်စီက သေနတ်တလက်ကို ဆန္ဒပြသူတွေက ရသွားတဲ့အတွက် ပဋိပက္ခတွေ ကြီးထွားခဲ့ရတာလို့လည်း ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်အသားအများအပြားလည်း ဒဏ်ရာရခဲ့တယ်လို့လည်း ပြောခဲ့တာပါ။ တက်ကြွ လှုပ်ရှားသူတွေဟာ အကြမ်းဖက်ဖို့ ရည်ရွယ်ချက်တွေ ရှိနေခဲ့ကြောင်းလည်း အစ္စရေးလ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Danny Ayalon က စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။ လွတ်လပ်သော ဂါဇာ လှုပ်ရှားမှုအဖွဲ့ကတော့ အစ္စရေးလ်က ၃ နှစ်ကြာ ပိတ်ဆို့ထားတာတွေကို အများတကာက အာရုံစိုက်လာစေဖို့ ရည်ရွယ်ချက်သာရှိခဲ့ကြောင်း ပြောဆိုခဲ့တာပါ။
ပါလက်စတိုင်း သမ္မတ မာမွတ် အဘတ်စ်ကတော့ အစ္စရေးလ်ရဲ့ စစ်ဆင်ရေးအပေါ် ရှုတ်ချလိုက်ပြီး ဒါဟာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုပဲလို့ ပြောဆိုလိုက်ပါတယ်။