ဂါဇာကမ်းမြောင်ဒေသကို ပေးအပ်မယ့် အကူအညီ၊ အထောက်အပံ့တွေ တင်ဆောင်လာတဲ့ လစ်ဗျားသင်္ဘောဟာ အီဂျစ်နိုင်ငံ ဆိပ်ကမ်းကို ဦးလှည့်သွားပြီး အစ္စရေး စစ်သင်္ဘောတွေက နောက်ကနေ ထပ်ချပ်မကွာ လိုက်နေပါတယ်။
မနေ့ညပိုင်းက နိုင်ငံတကာ ရေပိုင်နက်ထဲမှာ သင်္ဘောအင်ဂျင် ပျက်သွားတဲ့အတွက် ရပ်နားနေခဲ့ရာကနေ ဒီကနေ့ မနက်ပိုင်းမှာ မော်လ်ဒိုဗန် (Moldovan) မှတ်ပုံတင်ထားတဲ့ အမ္မာလ်သီယာ (Amalthea) သင်္ဘော ပြန်လည် ထွက်ခွာခဲ့တာပါ။ မူလက ရည်မှန်းထားတဲ့ ဂါဇာကို မသွားတော့ဘဲ အီဂျစ်နိုင်ငံ အရစ်ရှ် (Arish) ဆိပ်ကမ်းကို လမ်းကြောင်းပြောင်း သွားတော့မှာ ဖြစ်တယ်လို့လည်း သင်္ဘောကပ္ပတိန်က ပြောပါတယ်။
ပါလက်စတိုင်းတွေရှိရာ ဂါဇာမှာ အစ္စရေးရေတပ်က တားဆီးထားတာတွေကို ချိုးဖောက် ၀င်ရောက်တာမျိုး မလုပ်အောင် အစ္စရေးရေတပ် သင်္ဘောတွေကတော့ နောက်ကနေ ဆက်လိုက်နေခဲ့တာပါ။
သင်္ဘောကို အီဂျစ်ဆိပ်ကမ်း အရစ်ရှ်ကို ညသန်းခေါင်ယံ နောက်ဆုံးထားပြီး လမ်းကြောင်းပြောင်းဖို့၊ ဒီလို မလုပ်ရင် အတင်းအကျပ် ၀င်ရောက်စီးနင်းမယ် ဆိုပြီး မနေ့နှောင်းပိုင်းကပဲ အစ္စရေးတွေက ရာဇသံ ပေးထားတဲ့အကြောင်း လစ်ဗျားနိုင်ငံ ထရီပိုလီမြို့ အခြေစိုက် ကဒါဖီ နိုင်ငံတကာ ပရဟိတနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းရဲ့ အမှုဆောင် ညွှန်ကြားရေးမှူးဖြစ်တဲ့ ယူဆက်ဖ် ဆာဝါနီ (Youssef Sawani) က ပြောပါတယ်။
အစ္စရေးအစိုးရ ပြောခွင့်ရသူကတော့ ဒီလို ရာဇသံပေးတယ် ဆိုတာကို ငြင်းဆန်ခဲ့ပေမဲ့ တားမြစ်ထားတဲ့ နယ်မြေကို သင်္ဘော ဦးတည် ခုတ်မောင်းနေတဲ့အတွက် သတိပေးထားတယ်လို့ ဆိုခဲ့တာပါ။