သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၄ နာရီအပစ်ရပ်ရေး အစ္စရေးလ်ကြေညာ


ဂါဇာဒေသမှာ ကုလသမဂ္ဂက ဖွင့်ထားတဲ့ စာသင်ကျောင်းကို အစ္စရေးလ်က တင့်ကားတွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် လူ ၁၅ ယောက် ထက်မနည်း သေဆုံးခဲ့ရပြီးတဲ့နောက် လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ခဏတာ အပစ်အခတ် ရပ်စဲသွားဖို့ အစ္စရေးလ်က ပြောဆို လိုက်ပါတယ်။ ဒေသစံတော်ချိန် ဒီကနေ့ ညနေ ၃ နာရီကစပြီး ၄ နာရီကြာ အပစ်အခတ် ရပ်စဲဖို့ စီစဉ်ထားတာပါ။

ဂါဇာမြောက်ပိုင်းမှာ ပါလက်စတိုင်း ဒုက္ခသည်တွေအတွက် နေစရာအဖြစ် စီစဉ်ပေးထားတဲ့ Jebaliya ဒုက္ခသည်စခန်းထဲက စာသင်ကျောင်း အခုလို တိုက်ခိုက်ခံရတာပါ။ တိုက်ခိုက်မှုနေရာကို သွားရောက် သတင်းယူနေတဲ့ ဗွီအိုအေ သတင်းထောက် Scott Bobb ပြောပြတာမှာတော့ စာသင်ကျောင်း နံရံတွေ လုံး၀ ပျက်ဆီးသွားပြီး လူတွေလည်း မယုံနိုင်လောက်အောင် ကြောက်ရွံ့ တုန်လှုပ်နေကြတယ်လို့ ဆိုပါတယ်။

တချို့ဟာ လေကြောင်း ထိုးစစ်ဆင်မှုတွေကို ကြောက်လို့ သူတို့အိမ်ကနေ ဒီကို ပြောင်းပြီးလာနေကြတဲ့ သူတွေဖြစ်ပြီး၊ ကုလသမဂ္ဂက ဖွင့်ထားတဲ့ ကျောင်းကတော့ သူတို့အိမ်ထက် ပိုပြီး လုံခြုံမှာပဲဆိုပြီး ဒီကို လာကြတာမှာ ခုလို တိုက်ခိုက်ခံရတော့ သေမယ့်အတူတူ ကိုယ့်အိမ်ကိုယ်ပြန် သေတော့မယ်လို့ ပြောကြတယ်လို့လည်း ဆိုပါတယ်။

ဒီစာသင်ကျောင်းဟာ ပါလက်စတိုင်း ဒုက္ခသည်တွေ ခိုလှုံနိုင်အောင် ကုလသမဂ္ဂက ဖွင့်ထားပေးတဲ့ ကယ်ဆယ်ရေးစခန်း ၈၅ နေရာထဲက တခုပါ။ ပါလက်စတိုင်း ၂ သိန်းလောက် ဒီလိုနေရာတွေမှာ ခိုလုံနေကြရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ဇူလိုင်လ ၈ ရက် တိုက်ခိုက်မှုတွေ စတင်ခဲ့ချိန်ကစလို့ ပါလက်စတိုင်း အရပ်သား အများစုပါဝင်တဲ့ လူပေါင်း ၁,၂၀၀ ကျော် သေဆုံခဲ့ရပြီး ဖြစ်တယ်လို့ ပါလက်စတိုင်း အရာရှိတွေက ပြောပါတယ်။ အစ္စရေးလ် စစ်သား ၅၃ ယောက်နဲ့ အရပ်သား ၃ ယောက်လည်း သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

XS
SM
MD
LG