ဂါဇာကမ်းမြောင်ဒေသကို အကူအညီ အထောက်အပံ့တွေ ပေးအပ်ဖို့ သွားရောက်ကြတဲ့ တက်ကြွလှုပ်ရှားသူတွေ လိုက်ပါလာတဲ့ သင်္ဘော အုပ်စုတစုကို အစ္စရေးလ်ရေတပ်က ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့လို့ လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီးတဲ့နောက် အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားနဲ့ တွေ့ဆုံမယ့်အစီအစဉ်ကို အစ္စရေးလ်ဝန်ကြီးချုပ်က ဖျက်သိမ်းလိုက်ပါတယ်။
လတ်တလော ကနေဒါနိုင်ငံကို ရောက်ရှိနေတဲ့ အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ဟာ မနက်ဖြန် ၀ါရှင်တန်ဒီစီကိုလာရောက်ပြီး သမ္မတအိုဘားမားနဲ့ တွေ့ဆုံဖို့ ရှိနေတာပါ။
ဒါပေမဲ့လည်း အစီအစဉ်ကိုဖျက်ပြီး အစ္စရေးလ်ကို ပြန်လာမှာ ဖြစ်တဲ့အကြောင်း အစ္စရေးလ် ၀န်ကြီးချုပ်ရုံးက ပြောပါတယ်။
တူရကီနိုင်ငံက သင်္ဘောတစင်း ဦးဆောင်ပြီး လိုက်ပါလာတဲ့ ရေယာဉ်တန်းကို အစ္စရေးလ် ကမ်းလွန် နိုင်ငံတကာရေပိုင်နက်ထဲမှာ ကွန်မန်ဒို အထူးတပ်ဖွဲ့ဝင်တွေက ဒီကနေ့မနက် အစောပိုင်းမှာပဲ ၀င်ရောက် စီးနင်း တိုက်ခိုက်ခဲ့ရာမှာ သင်္ဘောပေါ်လိုက်ပါလာသူ ၁၀ ယောက် သေဆုံးခဲ့ တာပါ။
အစ္စရေးလ်အစိုးရ တာဝန်ရှိသူတွေကတော့ သေဆုံးတဲ့အရေအတွက်ဟာ ဒီထက်များတယ် ဆိုပြီး အစောပိုင်းမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ စစ်သား ၇ ယောက်လည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့တဲ့အကြောင်း ပြောဆိုခဲ့တာပါ။
အစ္စရေးလ်အစိုးရ ပြောခွင့်ရသူကတော့ တက်ကြွလှုပ်ရှားသူတွေဟာ သင်္ဘောပေါ် စီးနင်းဖို့ လုပ်တဲ့ ကွန်မန်ဒိုတွေကိုတိုက်ခိုက်ဖို့ လက်နက်တွေ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။
ဒါပေမဲ့လည်း ဒီသင်္ဘောယာဉ်တန်းကို စုစည်း စီစဉ်တဲ့ လွတ်လပ်သော ဂါဇာလှုပ်ရှားမှုအဖွဲ့ကတော့ အခုကိစ္စဟာ အရပ်သားတွေအပေါ် ကျူးလွန်မှုဖြစ်ပြီး တက်ကြွသူတွေဘက်က အကြမ်းဖက်လိုတဲ့ ရည်ရွယ်ချက်တွေမရှိဘူးလို့ ပြောဆိုခဲ့တာပါ။