သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်းရေး လှုပ်ရှားသူ ၇၀၀ ခန့် နေရပ် ပြန်ပို့မည်


ဂါဇာကမ်းမြောင်ဒေသကို ဦးတည်ခုတ်မောင်းလာတဲ့ လူမှုရေး အကူအညီပေးရေး ကုန်တင်သင်္ဘောတန်းကြီးကို အစ္စရေး လက်နက်ကိုင်တပ်ဖွဲ့က စီးနင်းရာမှာ ထိန်းသိမ်းခံခဲ့ရတဲ့ ပါလက်စတိုင်းအရေး လှုပ်ရှားသူ နိုင်ငံခြားသား ၇၀၀ ခန့်ကို နေရပ်ရင်း ချက်ချင်း ပြန်ပို့မယ်လို့ အစ္စရေးနိုင်ငံက ပြောဆိုလိုက်ပါတယ်။

အခုပြန်ပို့မယ့် သူတွေထဲမှာ အစ္စရေး လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေကို ခုခံတိုက်ခိုက်ခဲ့တယ်လို့ သံသယရှိသူ ၂၄ ဦးလည်း ပါဝင်တယ်လို့ အစ္စရေး ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူက ဆိုပါတယ်။ သူတို့ကို အစ္စရေးနိုင်ငံက တရားစွဲဆိုမယ်လို့ အစောပိုင်းက ခြိမ်းခြောက်ခဲ့ပါတယ်။

အဲဒီ လူမှုကယ်ဆယ်ရေး ကုန်ပစ္စည်းတင် သင်္ဘောမှာ ပါလာသူ တူရကီနိုင်ငံသား အများစုကို အစ္စရေးနိုင်ငံက ပြန်ပို့ခဲ့ပြီး ဖြစ်ပါတယ်။

နိုင်ငံတကာ ပင်လယ်ပိုင်နက်မှာ ခုတ်မောင်းလာတဲ့ ကယ်ဆယ်ရေး ကုန်ပစ္စည်းတင် သင်္ဘောတွေကို တနင်္လာနေ့က အစ္စရေး လက်နက်ကိုင်တပ်ဖွဲ့က စီးနင်းရာမှာ ပါလက်စတိုင်းအရေး လှုပ်ရှားသူ တူရကီနိုင်ငံသား ၄ ဦး အပါအဝင် ၉ ဦး သေဆုံးခဲ့ပါတယ်။

အစ္စရေးရဲ့ ဒီလုပ်ရပ်ကြောင့် နိုင်ငံတကာက အုတ်အော်သောင်းနင်း ပြစ်တင် ရှုတ်ချနေကြတာပါ။ အစ္စရေးတို့ဘက်ကတော့ ပါလက်စတိုင်းအရေး လှုပ်ရှားသူက အစ္စရေး တပ်သားတွေကို ဓားတွေ၊ ပိုက်လုံးတွေ၊ သေနတ်တွေနဲ့ စပြီး တိုက်ခိုက်ခဲ့လို့ ခုခံကာကွယ်တဲ့ အနေနဲ့ ပြန်ပစ်ခဲ့ရတာလို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဘက်မလိုက်ဘဲ ထင်သာမြင်သာရှိမယ့် စုံစမ်းစစ်ဆေးရေး လုပ်ဖို့အတွက် အင်္ဂါနေ့က တောင်းဆိုလိုက်ပါတယ်။

XS
SM
MD
LG