အစ္စရေးလ်နဲ့ ဟာမားစ် အကြား ဂါဇာကမ်းမြှောင်ဒေသမှာ အလုံးစုံ အပစ်အခတ်ရေးစဲရေး သဘောတူညီချက်ကို မနက်ဖြန် သောကြာနေ့မှာ စတင်ဖို့ သဘောတူညီခဲ့တဲ့အကြောင်း အစောပိုင်း သတင်းတွေမှာ ထွက်ခဲ့ပေမဲ့၊ သဘောတူညီချက် အပြည့်အ၀ ရတဲ့အဆင့်ကို မရောက်သေးဘူးလို့ အစ္စရေး နိုင်ငံခြားရေးဌာနက ပြောပါတယ်။
ဒီကနေ့ သံတမန်တွေနဲ့ တွေ့ဆုံ စကားပြောစဉ်အတွင်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီး Avigdor Lieberman က ခုလို ပြောသွားတာပါ။ အစောပိုင်းတုန်းကတော့ နှစ်ဘက် အပစ်အခတ်ရေး သဘောတူညီချက်ကို မနက်ဖြန် ဒေသစံတော်ချိန် မနက် ၆ နာရီမှာ စတင်မှာ ဖြစ်တဲ့အကြောင်း အစ္စရေး အရာရှိတွေရဲ့ ပြောဆိုမှုတွေကို ကိုးကားဖော်ပြခဲ့ကြတာပါ။
ဟားမတ်စ်အဖွဲ့က အရာရှိတွေကလည်း အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို နောက်ဆုံး အပြီးမသတ်ရသေးဘူးလို့ ပြောဆိုထားတာပါ။ ဒီအရင် အစောပိုင်းကတော့ လူသားချင်းစာနာမှုနဲ့ ၅ နာရီကြာ အပစ်အခတ်ရပ်စဲမှုကို ဒီကနေ့မှာ စပြီး နှစ်ဘက် သဘောတူခဲ့ကြတာပါ။
ဒီ ငါးနာရီကြာ အပစ်အခတ် ရပ်စဲမှု ယူပြီးတဲ့နောက် အစ္စရေးလ် တောင်ပိုင်းက Eshkol မြို့ကို ဟားမတ်စ်တွေ တိုက်ခိုက်တဲ့ မော်တာကျည်တွေ ကျခဲ့တယ်လို့ အစ္စရေးလ်စစ်ဘက်က ပြောတာပါ။ အပစ်အခတ် ရပ်စဲထားချိန်အတွင်း စစ်သွေးကြွတွေက ဒုံးကျည်တွေနဲ့ ပစ်ခတ်ရင် လက်တုံ့ပြန်မယ်လို့ အစ္စရေးလ်က သတိပေး ထားပါတယ်။