သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ် ဒုတိယနေ့ အစ္စရေးဓါးစာခံတွေ ထပ်လွတ်လာဖို့ရှိ


People react as they hear the news of the release of 13 Israeli hostages held by Hamas in the Gaza strip, in Tel Aviv, Israel.
People react as they hear the news of the release of 13 Israeli hostages held by Hamas in the Gaza strip, in Tel Aviv, Israel.

အစ္စရေးနဲ့ ဟာမတ်အဖွဲ့အကြား ၄ ရက်ကြာ အပစ်အခတ်ရပ်ဆိုင်းထားတဲ့ ဒုတိယနေ့ဖြစ်တဲ့ ဒီနေ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ အစ္စရေး ဓားစာခံ ၁၄ ယောက်ကို ဟာမတ်အဖွဲ့က ပြန်လွတ်ပေးဖို့ရှိပြီး အပြန်အလှန်အားဖြင့် ပါလက်စတိုင်း အကျဉ်းသား ၄၂ ယောက်ကို ပြန်လွတ်ပေးမယ်လို့ အစ္စရေးအရာရှိတွေက ပြောပါတယ်။ ကာတာ၊ အီဂျစ်နဲ့ အမေရိကန်ပြည်ထောင်စုတို့ကြားဝင်ပြီး အစ္စရေးနဲ့ ပါလက်စတိုင်း အာဏာပိုင်တွေကြား ရရှိထားတဲ့ သဘောတူညီချက်အရ ဟာမတ်အဖွဲ့က အစ္စရေးဓားစာခံ စုစုပေါင်း ၅၀ ကို ပြန်လွှတ်ပေးဖို့ရှိပြီး အစ္စရေးဘက်ကလည်း ပါလက်စတိုင်း အကျဉ်းသား ၁၅၀ ကို ပြန်လွှတ်ပေးရမှာ ဖြစ်ပါတယ်။

သဘောတူထားတဲ့ အရေအတွက်ထက်ပိုပြီး နောက်ထပ် ဓါးစာခံ ၁၀ ယောက်ကို လွှတ်ပေးတိုင်း ၁ ရက်တိုးပြီး အပစ်အခတ်ရပ်စဲပေးမယ်လို့ အစ္စရေးတို့ဘက်က ပြောကြားခဲ့ပါတယ်။ အပစ်ရပ်ထားတဲ့ ၄ ရက်မြောက်နေ့မှာ Hamas စစ်သွေးကြွတွေ ဖမ်းဆီးထားတဲ့ နောက်ထပ်ဓါးစာခံတွေကို ထပ်လွှတ်ပေးရေး သဘောတူညီမှုအသစ်ရနိုင်အောင် ကြားဝင်စေ့စပ်ပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ကာတာအစိုးရပြောခွင့်ရက ပြောကြားခဲ့ပါတယ်။

သဘောတူညီချက်အရ ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းပြည်သူတွေအတွက် ဆေးဝါး အစားအသောက်နဲ့ လောင်စာဆီတွေကို အီဂျစ်နိုင်ငံနဲ့ နယ်စပ်ဖြစ်တဲ့ Rafah နယ်စပ်ဂိတ်ကနေ ဒီနေ့လည်း ပို့ဆောင်ပေးခဲ့ပါတယ်။

နှစ်ဘက် အပစ်အခတ်ရပ်စဲမှု စတင်အသက်ဝင်တဲ့ မနေ့ နိုဝင်ဘာ ၂၄ ရက်နေ့တုန်းကတော့ အစ္စရေး အမျိုးသမီးနဲ့ ကလေး ၁၃ ဦး အပါအဝင် ဓားစာခံ ၂၄ ဦးကို ဟာမတ်အဖွဲ့က ပြန်လွတ်ပေးလိုက်ပါတယ်။ ပြန်လွတ်လာသူတွေထဲ ထိုင်းနိုင်ငံသား ၁၀ ဦးနဲ့ ဖိလစ်ပိုင်နိုင်ငံသား ၁ ဦး ပါဝင်ကြောင်း ဒီကိစ္စမှာ ကြားဝင်ဆောင်ရွက်ပေးခဲ့တဲ့ ကာတာအစိုးရက ပြောပါတယ်။ အစ္စရေးဘက်ကလည်း အမျိုးသမီးနဲ့ အရွယ်မရောက်သေးတဲ့ ယောက်ျားလေးတွေအပါအဝင် ပါလက်စတိုင်း အကျဉ်းသား အမျိုးသား ၃၉ ဦးကို မနေ့က လွှတ်ပေးခဲ့ပါတယ်။

ဒီကနေ့ ဗြိတိန်၊ လန်ဒန်မြို့တော်မှာတော့ ပါလက်စတိုင်းအရေး ထောက်ခံသူတွေ ထောင်နဲ့ချီပြီး ချီတက်ဆန္ဒဖော်ထုတ်ဖို့ ရှိနေတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁,၅၀၀ ချထားပါတယ်။

XS
SM
MD
LG