အစ္စရေးနဲ့ ဟက်ဇဘိုလာအကြား ပြီးခဲ့တဲ့သီတင်းပတ်က အပစ်ရပ်သဘောတူညီမှုရခဲ့တာကြောင့်၊ အစ္စရေးနဲ့ ဟာမတ်စ်တို့အကြား အပစ်ရပ်ဖို့ ပိုပြီး အလားအလာကောင်းလာတယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က ပြောပါတယ်။
ဟာမတ်စ်တို့ဖမ်းထားတဲ့ ဓါးစားခံ တရာကျော် လွတ်မြောက်ရေးနဲ့ ၁၄လကြာ နှစ်ဖက် တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ အခွင့်အလမ်းရှိလာတယ်လို့ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး Sullivan က CNN သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာပြောသွားတာပါ။ ဒါပေမယ့်လည်း အစ္စရေးန့ ဟာမတ်စ်အကြား အပစ်ရပ်နိုင်ချေဖို့ ယခင်ကလည်း နီးနီးကပ်ကပ်ကြုံခဲ့ဖူးတာမို့၊ တပ်အပ်ဖြစ်နိုင်ခြေ ပြောဖို့တော့ ငြင်းပါတယ်။
နောက်ကွယ်မှာ ညှိုနှိုင်းဆွေးနွေးမှုတွေရှိနေတယ်လို့ အစ္စရေးသမ္မတက လည်း တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။ အစ္စရေးန့ လက်ဘနွမ်အခြေစိုက် ဟက်ဇဘိုလာတို့အကြား အပစ်ရပ်စဲရေးဟာ အရှေ့အလယ်ပို်င်းဒေသအတွက် ကြီးမားတဲ့ခြေလှမ်းတရပ်ဖြစ်တယ်လို့လည်း Jake Sullivan က ပြောပါတယ်။ အပစ်ရပ်သဘောတူညီချက်ကို ထိထိရောက်ရောက်အကောင်အထည်ပေါ်လာစေဖို့ အမေရိကန် ပြင်သစ်နဲ့ မဟာမိတ်တွေဟာ လက်ဘနွမ်စစ်တပ်နဲ့ အတူတကွလုပ်ဆောင်နေကြတယ်လို့လည်း ပြောပါတယ်။
ဂါဇာမှာ အပစ်ရပ်ရေးသဘောတူညီချက်ရဖို့ အမေရိကန် ကာတာနဲ့ အီဂျစ်နိုင်ငံတို့က ပြီးခဲ့တဲ့နှစ်အတွင်း အတော်လေး ကြိုးပမ်းခဲ့ပေမယ့် အခုချိန်အထိတော့ ဆွေးနွေးမှုတွေက အရာမရောက်သေးပါဘူး။ အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump ကတော့ အရှေ့အလယ်ပိုင်းစစ်ပွဲတွေ အဆုံးသတ်ရေးဆောင်ရွက်မယ်လို့ ပြောပေမယ့် ဘယ်လိုပုံစံနဲ့ အဆုံးသတ်မလဲဆိုတော့ အသေးစိတ်မပြောပါဘူး။
သမ္မတအဖြစ် ကျမ်းသစ္စာဆိုမယ့် ဇန်နဝါရီ ၂၀ ရက်နေ့မတိုင်ခင်မှာ ဟာမတ်စ်ကို တိုက်ခိုက်နေတဲ့ စစ်ပွဲ အဆုံးသတ်ဖို့ ရွေးကောက်ခံသမ္မတ Trump က အစ္စရေးကို တွန်းအားပေးနေပါတယ်။ အစ္စရေးအနေနဲ့ ကိုယ့်ကိုကိုယ် ခုခံပိုင်ခွင့်ရှိတယ်ဆိုတာကို သမ္မတ Biden နည်းတူ ရွေးကောက်ခံသမ္မတ Trump ကလည်း လက်ခံထားပါတယ်။
Forum