အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေး ၃ နာရီ နီးပါးလောက် နောက်ကျခဲ့ပြီးနောက် ဒီကနေ့ပဲ စတင်လိုက်ပါပြီ။ ဟားမတ်စ်တွေ ပြန်လွှတ်ပေးမယ့် ဓားစာခံ ၃ ယောက်ရဲ့ အမည်စာရင်းကို မပေးမချင်း မစနိုင်ဘူးလို့ ဝန်ကြီးချုပ် Benjamin Netanyahu က ပြောခဲ့တာကြောင့် အပစ်အခတ်ရပ်စဲရေး စတင်ဖို့ သတ်မှတ်ထားတာထက် အနည်းငယ် နောက်ကျခဲ့တာပါ။
ဒေသစံတော်ချိန် မနက် ၈နာရီခွဲက စတင်ပြီး အပစ်အခတ်ရပ်စဲမယ့် အစီအစဉ်ကို ဓားစာခံစာရင်း မရမချင်း မစဖို့ အစ္စရေးစစ်တပ်ကို ညွှန်ကြားခဲ့တာလို့လည်း ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။ ဟားမတ်စ်အဖွဲ့က ပြန်လွှတ်မယ့် ဓားစာခံစာရင်းကို ပေးအပ်ခဲ့ပြီးနောက်မှာတော့ မနက် ၁၁ နာရီ ၁၅ မိနစ်ကစ အပစ်ရပ်ဖို့ အစ္စရေးက ကြေညာခဲ့တာပါ။
လုပ်ထုံးလုပ်နည်း အတိမ်းအစောင်းကြောင့် ပြန်လွှတ်မယ့် ဓားစာခံစာရင်း ထုတ်ပြန်ဖို့ နောက်ကျခဲ့တာလို့ ဟားမတ်စ်အဖွဲ့က အကြောင်းပြခဲ့ပြီး၊ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ကြေညာခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို အခိုင်အမာလိုက်နာကြောင်းလည်း ကြေညာချက် ထုတ်ပြန်ပါတယ်။ အစ္စရေးဓားစာခံတွေကို ပြန်လွှတ်ပေးပြီး အပြန်အလှန် အနေနဲ့ အပစ်အခတ် ရပ်စဲမယ့် သဘောတူညီချက်ကို အစ္စရေးအစိုးရအဖွဲ့က အတည်ပြုခဲ့ပြီးနောက် ကြားဝင်ညှိနှိုင်းပေးနေတဲ့ ကာတာနိုင်ငံက အပစ်အခတ်ရပ်စဲမယ့် အချိန်ဇယားကို စနေနေ့မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဂါဇာဒေသက ၁၅ လကြာ စစ်ပွဲ အဆုံးသတ်မယ့် သဘောတူညီချက်ကိုတော့ အစ္စရေးအစိုးရအဖွဲ့က စနေနေ့မနက်အစောပိုင်းအထိ ၆ နာရီကျော်ကြာ အကြိတ်အနယ် ဆွေးနွေးပြီးမှ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
Forum