သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Rafah မြို့မှာ တိုက်ပွဲတွေပြင်းထန်


ဂါဇာတောင်ပိုင်း Rafah မြို့အတွင်း စစ်ဘေးရှောင် ပါလက်စတိုင်းအရပ်သားများ
ဂါဇာတောင်ပိုင်း Rafah မြို့အတွင်း စစ်ဘေးရှောင် ပါလက်စတိုင်းအရပ်သားများ

ဂါဇာတောင်ပိုင်း Rafah မြို့မှာ ဒီနေ့ ဗုံးကြဲတိုက်ခိုက်မှုတွေအပါအဝင် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ Rafah မြို့ကို အကန့်အသတ်နဲ့ စစ်ဆင်နေတယ်လို့ အစ္စရေးစစ်တပ်ကဆိုပြီး တိုက်ခိုက်နေတာ ၁၀ ရက် ကျော်ရှိနေပြီဖြစ်သလို၊ ဂါဇာမြောက်ပိုင်းမှာလည်း အစ္စရေးစစ်တပ်နဲ့ Hamas စစ်သွေးကြွတွေကြား တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေပါတယ်။

ဂါဇာမြောက်ပိုင်းက Hamas စခန်းတွေကို အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့ပြီလို့ အစ္စရေးတို့ ဇန်နဝါရီလက ပြောခဲ့ပေမဲ့ အဲဒီမှာ Hamas တွေ ပြန်လည်လှုပ်ရှားနေတယ်လို့ဆိုပြီး အစ္စရေးက ပြန်လည် စစ်ဆင်နေတာပါ။

၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ဂါဇာမြောက်ပိုင်းကို အစ္စရေးတပ်တွေ စတင်စစ်ဆင်ခဲ့ချိန်က ထွက်ပြေးလာသူတွေ အဓိကခိုလုံနေတဲ့ ဂါဇာတောင်ပိုင်း Rafah မြို့ အရှေ့ခြမ်းမှာ အစ္စရေးက ဂျက်တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်သလို၊ မြို့ရဲ့အရှေ့တောင်ပိုင်းမှာလည်း အပြန်အလှန် တိုက်ပွဲတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

အစ္စရေးရဲ့ ညလုံးပေါက် လေကြောင်းတိုက်ခိုက်မှုကြောင့် Rafah မြို့က ဒုက္ခသည်စခန်းတခုမှာ လူနှစ်ဦး သေဆုံးသွားတယ်လို့ ဂါဇာမှာရှိတဲ့ ကူဝိတ်ဆေးရုံက ပြောပါတယ်။ Jabalia ဒုက္ခသည်စခန်း မြောက်ပိုင်းမှာ ညလုံးပေါက် တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့လည်း မျက်မြင်တွေ့သူတွေ၊ ဆေးဝန်ထမ်းတွေနဲ့ အဲ့ဒီဒေသမှာရှိနေတဲ့ AFP သတင်းထောက်တွေက ပြောပါတယ်။ ၇ လကျော် ကြာလာပြီဖြစ်တဲ့ ဂါဇာစစ်ပွဲအတွင်း Rafah မြို့မှာ အပြင်းထန်ဆုံး တိုက်ပွဲတွေ ဖြစ်နေတဲ့အကြောင်း အစ္စရေးစစ်တပ်ကလည်း သောကြာနေ့က ပြောဆိုထားပါတယ်။

Rafah မှာ ပါလက်စတိုင်း အရပ်သားတွေ ထပ်ပြီးထိခိုက်သေကြေမှာကို စိုးရိမ်တာကြောင့် Rafah ကို အပြည့်အဝ ထိုးစစ်မဆင်ဖို့ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံတွေ ပြောကြားထားပါတယ်။

တချိန်ထဲမှာ အစ္စရေးအတွက် လူသားချင်းစာနာမှု အကူအညီတွေ ရေကြောင်းကတဆင့် မြန်မြန်ဆန်ဆန် ပေးနိုင်အောင် အမေရိကန် တည်ဆောက်ထားတဲ့ ယာယီ ဆိပ်ခံတံတားကနေတဆင့် ပထမဆုံးအကြိမ် အကူအညီ ပစ္စည်းတွေ ပေးပို့နိုင်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ကြေညာပါတယ်။

Forum

XS
SM
MD
LG