သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးမြို့တော် ကန်သတ်မှတ်မှု ကုလအထွေထွေညီလာခံမဲခွဲမည်


ဂျေရုဆလင်မြို့
ဂျေရုဆလင်မြို့

ဂျေရုဆလင်ကို အစ္စရေးနိုင်ငံရဲ့ မြို့တော်အဖြစ် အမေရိကန်က တရားဝင် အသိအမှတ် ပြုလိုက်တဲ့အပေါ် ဆုံးဖြတ်ချက်တရပ် ချမှတ်ရေး၊ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကြာသပတေးနေ့မှာ အထူးအစည်းအဝေးတရပ် ခေါ်ယူဖို့ စီစဉ်ထားပါတယ်။

အထူးအစည်းအဝေး ကျင်းပဖို့ အဆိုပြုခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်း ကိုယ်စားလှယ် Riyad Mansour ကတော့ ဆုံးဖြတ်ချက်ကို တခဲနက် ထောက်ခံဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့တာပါ။ အလားတူ ဆုံးဖြတ်ချက် မူကြမ်းတရပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တနင်္လာနေ့က အီဂျစ်နိုင်ငံက တင်သွင်းခဲ့ရာမှာတော့ ကျန်အဖွဲ့ဝင် ၁၄ နိုင်ငံကတော့ ထောက်ခံမဲ ပေးခဲ့ကြပေမဲ့ အမေရိကန် ပြည်ထောင်စုက ဗီတိုအာဏာသုံး ပယ်ချခဲ့ပါတယ်။ အထွေထွေညီလာခံ ဆုံးဖြတ်ချက်မူကြမ်းမှာလည်း အလားတူ အချက်အလက်တွေ ပါဝင်ပေမဲ့ လုံခြုံရေးကောင်စီလိုတော့ ဆုံးဖြတ်ချက်ဟာ အရာရောက်နိုင်မှာ မဟုတ်ပါဘူး။

အထွေထွေညီလာခံ ဆုံးဖြတ်ချက်တွေဟာ မဖြစ်မနေ လိုက်နာရမှာ မဟုတ်ပေမဲ့ နိုင်ငံရေးအရ အကျိုးဆက်တွေတော့ ရှိလာနိုင်ပါတယ်။ အထွေထွေ ညီလာခံမှာ မဲမခွဲခင်မှာပဲ၊ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley ကတော့ တခြားနိုင်ငံတွေ မဲပေးတာကို စောင့်ကြည့်သွားမှာဖြစ်ပြီး၊ သမ္မတ Donald Trump ကို ပြန်အစီရင်ခံမှာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။ အမေရိကန်သမ္မတ Donald Trump ကတော့ ဂျေရုဆလင်ကို အစ္စရေးလ်နိုင်ငံရဲ့ မြို့တော်အဖြစ် တရားဝင် အသိအမှတ် ပြုလိုက်ပြီး Tel Aviv မြို့က အမေရိကန် သံရုံးကိုပါ ပြောင်းရွှေ့အခြေစိုက်မယ့် အစီအစဉ်ဟာ ပကတိအခြေအနေကို လက်ခံခဲ့တဲ့ လုပ်ရပ်ဖြစ်တဲ့အကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဝေဖန်သူတွေကတော့ အစ္စရေးလ်နဲ့ ပါလက်စတိုင်းကြား ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းရာမှာ ဂျေရုဆလင်မြို့နဲ့ ပတ်သက်လို့လည်း ထည့်သွင်းဆွေးနွေးဆုံးဖြတ်ဖို့ ကုလသမဂ္ဂနဲ့ အမေရိကန်ရဲ့ ကာလကြာရှည် ကိုင်စွဲထားတဲ့ မူဝါဒကို သမ္မတ Trump ရဲ့ ကြေညာချက်က ဆန့်ကျင်ရာ ရောက်တယ်လို့ ပြောဆိုခဲ့ကြတာပါ။

အစ္စရေးမြို့တော် ကန်သတ်မှတ်မှု ကုလအထွေထွေညီလာခံမဲခွဲမည်
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG