အစ္စရေးတွေရဲ့ ချဲ့ထွင်ရေးနဲ့ လွှမ်းမိုးရေးဆိုတဲ့ စိတ်ဓါတ်ကြောင့် ပါလက်စတိုင်း ပြည်သူတွေအပါအဝင် အရှေ့ အလယ်ပိုင်းဒေသ တော်တော်များများက လူတွေကို အကြမ်းဖက် ပဋိပက္ခသံသရာဆီ တွန်းပို့ရာရောက်နေပြီး ဒေသတွင်း ပြဿနာတွေအတွက် စစ်မှန်တဲ့အဖြေ မရနိုင် ဖြစ်နေတယ်လို့ ပါလက်စတိုင်းသမ္မတ မာမွတ် အဘက်စ် (Mahmoud Abbas) ကပြောပါတယ်။
ငြိမ်းချမ်းရေးနဲ့ သိမ်းပိုက် နယ်မြေတွေပေါ် ဂျူးအခြေချ အိမ်ယာတွေ ဆက်လက် ဆောက်လုပ်မှု တခုခုကို အစ္စရေးတို့ ရွေးချယ်ရလိမ့်မယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပါလက်စတိုင်း ခေါင်းဆောင် မစ္စတာ အဘက်စ် (Mr. Abbas) က မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။ ပါလက်စတိုင်းပိုင် နယ်မြေတွေမှာ ဂျူးအခြေချမှုတွေ အဆုံးသတ်ဖို့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာတဲ့ အစ္စရေးဟာ ဥပဒေအထက်က နိုင်ငံဖြစ်တယ်ဆိုတဲ့ အမြင်ရှိနေတယ်လို့လည်း စနေနေ့က ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ပြောခဲ့ပါတယ်။
ပါလက်စတိုင်း နေအိမ်တွေကို အစ္စရေးတို့က ဖျက်ဆီးတယ်လို့ စွပ်စွဲခဲ့သလို ဂါဇာဒေသအပေါ် ပိတ်ဆို့ ထားတာကိုလည်း အပြစ်တင်ပါတယ်။ ဒါ့အပြင် အစ္စရေးတို့ဖက်က မဟာတံတိုင်းကြီး ကာဆီးခဲ့တဲ့အပေါ်မှာလည်း လူမျိုးရေးခွဲခြားတဲ့ တံတိုင်းကြီး တည်ဆောက်ခဲ့တယ်လို့ ကုလသမဂ္ဂမှာ သုံးနှုန်း ပြောကြားသွားပါတယ်။
ပါလက်စတိုင်း ခေါင်းဆောင်ရဲ့  မိန့်ခွန်းစကားအပေါ် အစ္စရေးတို့ဖက်က ခုချိန်ထိ တုံ့ပြန်မှုတော့ မရှိသေးပါဘူး။ အစ္စရေးတို့နဲ့ ဆွေးနွေးနေဆဲ ဖြစ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကနေ အလုံးစုံပါဝင်တဲ့ သဘောတူညီမှုတခုကို တနှစ်အတွင်းရအောင် သူ့ဖက်က အတတ်နိုင်ဆုံး လုပ်သွားမယ်လို့ မစ္စတာ အဘက်စ် က ပြောပါတယ်။