သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းသားလဲလှယ်ရေး အစ္စရေး ပါလက်စတိုင်း ပြင်ဆင်


အကျဉ်းသားလဲလှယ်ရေး အစ္စရေး ပါလက်စတိုင်း ပြင်ဆင်
အကျဉ်းသားလဲလှယ်ရေး အစ္စရေး ပါလက်စတိုင်း ပြင်ဆင်

အစ္စရေးနဲ့ ပါလက်စတိုင်းတို့ဟာ ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေ အများအပြားကို လာမယ့်အင်္ဂါနေ့မှာ လဲလှယ်သွားမယ်လို့ နှစ်ဘက် တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ ဗွီအိုအေ ရုံးစိုက်ရာ ဂျေရုစလင်မြို့ကနေ ဗွီအိုအေသတင်းထောက် Robert Berger သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြထားပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ထားတဲ့ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမက်စ်အဖွဲ့ဟာ သူ့တို့ဖမ်းဆီးထားတဲ့ အစ္စရေးစစ်သား ဂီလားရှလစ်ကို အစ္စရေးကို ပြန်လွှဲပြောင်းပေးရေးကိစ္စ ဆွေးနွေးဖို့အတွက် အီဂျစ်ထောက်လှမ်းရေး တာဝန်ရှိသူတွေနဲ့ စနေနေ့က တွေ့ဆုံခဲ့ပါတယ်။ ရှလစ်ဟာ လွန်ခဲ့တဲ့ ၅ နှစ်က ဟားမက်စ် တပ်ဖွဲ့တွေရဲ့ နယ်စပ်ဖြတ်ကျော် သိမ်းယူမှုအတွင်း အဖမ်းခံခဲ့ရတာဖြစ်ပြီး အဲဒီအချိန်ကတည်းက သူဟာ ဂါဇာဒေသမှာ အထိန်းသိမ်းခံထားရတာပါ။

အားလုံး အစီအစဉ်တကျနဲ့ ချောချောမွေ့မွေ့ ဖြစ်ခဲ့မယ်ဆိုရင် ရှလစ်ကို အင်္ဂါနေ့ကျရင် အီဂျစ်နိုင်ငံဘက်ကို လွှတ်ပေးလိုက်မှာ ဖြစ်ပါတယ်။ အဲဒီနောက် အစ္စရေးဘက်ကို လွှဲပြောင်းပေးမှာပါ။ အပြန်အလှန်အနေနဲ့ အစ္စရေးဘက်ကလည်း ပါလက်စတိုင်း အကျဉ်းသား ၄၇၇ ယောက်ကို လွှတ်ပေးမှာပါ။ အဲဒီထဲမှာ လူတွေသေဆုံးခဲ့တဲ့ ဗုံးဖောက်ခွဲမှုတွေမှာ ပါဝင်ခဲ့တဲ့ ထိပ်တန်း စစ်သွေးကြွအဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် နောက်ထပ် ပါလက်စတိုင်းအကျဉ်းသား ၅၅၀ ကိုတော့ လာမယ့် ၂ လအတွင်းမှာ လွှတ်ပေးသွားမှာဖြစ်ပါတယ်။

ဂါဇာဒေသမှာတော့ ပါလက်စတိုင်းတွေဟာ လွတ်လာတဲ့အကျဉ်းသားတွေကို အကြီးအကျယ် ကြိုဆိုဖို့အတွက် ပြင်ဆင်နေကြပါတယ်။ ဟားမက်စ် ဝန်ကြီးချုပ် အစ္စမေးလ် ဟာနီးယား (Ismail Haniyeh) ကတော့ ဒါဟာ ကြီးမားတဲ့အောင်ပွဲဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

“ဒါဟာ သမိုင်းဝင် အချိန်ကာလကြီးပါ။ ပြီးတော့ ပါလက်စတိုင်း အမျိုးသားတရပ်လုံးရဲ့ ကြီးမားတဲ့အောင်မြင်မှု အခမ်းအနားကို အင်္ဂါနေ့ကျရင် လုပ်သွားမှာပါ။” - လို့ ဟာနီးယားက ပြောသွားတာပါ။

အစ္စရေးဘက်မှာတော့ အခြေအနေတွေက ပြောင်းပြန်ဖြစ်ပြီးတော့ ငြိမ်သက်နေပါတယ်။ အစ္စရေးတွေဟာ အဖမ်းဆီးခံထားရတဲ့ သူတို့ရဲ့စစ်သားကို ပြန်တွေ့ရလို့ ကျေနပ်နေကြပေမဲ့လည်း စစ်သားတစ်ယောက်အတွက် ပါလက်စတိုင်း အကျဉ်းသား ၁,၀၂၇ ယောက် နဲ့ အလဲအလှယ် လုပ်ခဲ့ရတဲ့အတွက် အစ္စရေးဟာ ကြီးကြီးမားမား ပေးဆပ်ခဲ့ရတာဖြစ်တယ်လို့ မြင်နေကြပါတယ်။ လုံခြုံရေးအရ အန္တရာယ်ရှိပေမဲ့လည်း အစ္စရေးအနေနဲ့ ကိုယ့်ရဲ့စစ်သားကို တိုင်းပြည်ကိုပြန်ခေါ်ဖို့အတွက် အမျိုးသားရေး တာဝန်ရှိတယ်လို့ အစ္စရေးအစိုးရရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မာ့ခ် ရေဂဗ် (Mark Regev) ကပြောပါတယ်။

“အစ္စရေး လူငယ်အမျိုးသားတွေရော၊ အမျိုးသမီးတွေအားလုံးဟာ စစ်မှုမထမ်းမနေရ ဥပဒေအရ စစ်မှုထမ်းကြရပါတယ်။ အဲဒီလူတွေအတွက် သူတို့ရဲ့ မိသားစုတွေအတွက် ကျနော်တို့မှာ လုပ်နိုင်သမျှ လုပ်ပေးရမယ့် တာဝန်ရှိပါတယ်။ ရန်သူရဲ့ နယ်ထဲမှာ ကျန်ခဲ့မယ့် ဓါးစာခံအဖြစ် ထိန်းသိမ်းခံ ထားရမယ်ဆိုရင် အဲဒီလူကို ပြန်ကယ်နိုင်ဖို့အတွက် ကျနော်တို့ လုပ်သွားမှာပါ။”

အတိတ်ကာလတွေတုန်းကလည်း အစ္စရေးဟာ အခုလိုမျိုး တဘက်စောင်းနင်းဖြစ်တဲ့ အကျဉ်းသား လဲလှယ်ရေး အစီအစဉ်တွေကို လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ရာဘီ စတူးဝပ် ဝိုက်စ် (Rabbi Stuart Weiss) လို ဝေဖန်သူတွေကတော့ ဒီမူဝါဒဟာ အလွန်ကို စိုးရိမ်စရာကောင်းမှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

“လူတစ်ယောက်ဟာ အကြီးအကျယ် သတ်ဖြတ်မှုတွေ လုပ်နိုင်ပြီး အဲဒီလူကို ထောင်ထဲကနေ လွှတ်ပေးလိုက်တဲ့အချက်ဟာ အစ္စရေးသမိုင်းမှာ ဝမ်းနည်းစရာကောင်းတဲ့ နေ့တစ်နေ့ပါ။ နောက်ထပ် အကြီးအကျယ် ဗုံးခွဲမှုတွေနဲ့ လူတွေအများကြီး သေစေနိုင်တဲ့အထိ ဖြစ်လာစေနိုင်တဲ့ဟာမျိုးကို ကျနော်တို့ လုပ်လို့မရပါဘူး။”

အကျဉ်းသား အလဲအလှယ်လုပ်တဲ့ကိစ္စအပေါ် ကန့်ကွက်သူတွေကတော့ အခုလိုလုပ်တဲ့အတွက် အစ္စရေး စစ်သားတွေကို နောက်ထပ် ပြန်ပေးဆွဲတာတွေ ဖြစ်လာစေနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ အခုသဘောတူညီချက်က အစ္စရေးအကျဉ်းထောင်တွေထဲမှာ အဖမ်းခံထားရတဲ့ ပါလက်စတိုင်း အကျဉ်းသား ၅,၀၀၀ စလုံး ပြန်လွတ်လာဖို့အတွက် ပထမဆုံးခြေလှမ်းဖြစ်တယ်လို့ ဟားမက်စ်က ပြောလိုက်ပါတယ်။

XS
SM
MD
LG