အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြား မတူကွဲပြားမှုတွေကို အဆုံးသတ်ပြီး ငြိမ်းချမ်းရေးရအောင် သေသေချာချာလုပ်ဖို့ အချိန်တန်နေပြီလို့ ၂ ဘက် ခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။
အစ္စရေးနိုင်ငံ လုံခြုံမှု ခိုင်မြဲစေရေးအတွက် ပါလက်စတိုင်းနဲ့ ရာဇ၀င်တွင်တဲ့ အပေးအယူတွေ လုပ်ဖို့ အဆင်သင့်ရှိကြောင်း အစ္စရေး ၀န်ကြီးချုပ် ဘန်ဂျမင် နာတန်ယာဟု (Benjamin Netanyahu) က တနင်္ဂနွေနေ့မှာ သူ့ရဲ့ အစိုးရ အဖွဲ့ဝင် ၀န်ကြီးတွေကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပြဿနာဟောင်းတွေ အတွက် နည်းသစ်တွေနဲ့ အဖြေရှာဖို့ အစ္စရေး အနေနဲ့ အတွေးသစ်တွေ ဖန်တီးကြံဆဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။
တချိန်တည်းမှာပဲ တွေ့ဆုံညှိနှိုင်းမှုတွေကို အဆုံးသတ်ပြီး ဆုံးဖြတ်ချက်တွေ ချဖို့ အချိန်တန်ပါပြီလို့ ပါလက်စတိုင်းဘက်က ညှိနှိုင်းရေးမှူး အကြီးအကဲ Saed Erekat က အစ္စရေးစစ်တပ် ရေဒီယို သတင်းဌာနကို ပြောပါတယ်။
ဒါ့အပြင် အဓိကအချက် အနေနဲ့ ဟားမတ်စ် စစ်သွေးကြွ အုပ်စုကိုလည်း အစ္စရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ပါဝင် လက်ခံလာရေး စည်းရုံး သိမ်းသွင်းနိုင်လိမ့်မယ်လို့ သူယုံကြည်ကြောင်း Mr. Erekat က ပြောပါတယ်။
တကယ်လို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်မလာခဲ့ဘူးဆိုရင် ဟားမတ်စ်အဖွဲ့ကို ဖျက်သိမ်းရတဲ့အထိ ဖြစ်လာနိုင်တဲ့အတွက် ပေးဆပ်ရတဲ့ အရင်းအနှီးက ကြီးမားလိမ့်မယ်လို့လည်း သူက သတိပေးလိုက်ပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်းကြားက ၂ နှစ်အတွင်း ရပ်ဆိုင်းနေခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အခု ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ရဲ့ မြို့တော် ၀ါရှင်တန်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ပြန်လည် စတင်ခဲ့တာ ဖြစ်ပါတယ်။